လောင်းလုံးမှာ ဗိုလ်မှူးကြီးဗထူးဗန်းခြံနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်

ဇူလိုင်၊၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လေးသွန်ခံရွာမှာရှိတဲ့ ဗိုလ်မှူးကြီးဗထူးပန်းခြံနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)၊ မနက် ၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

“ဒီနေ့က အာဇာနည်နေ့ဆိုတော့ လေးသွန်ခံရွာမှာက ဗိုလ်ဗထူးပန်းခြံရှိတော့ PDF တွေ၊ ပြည်သူတွေနဲ့ သပိတ်အဖွဲ့တွေပူးပေါင်းပြီး အာဇာနည်နေ့အခမ်းအနားပြုလုပ်မယ်ထင်ပြီးတော့ လောင်းလုံးအထွက်ကနေပြီး သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာလို့ထင်တယ်’’လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ တပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်း ကိုးဦးဟာ ၁၉၄၅ ခုနှစ်၊ မနက် ၁၀ နာရီ၊ ၃၇ မိနစ်မှာ လုပ်ကြံခံရတာဖြစ်လို့ နှစ်စဉ်အဲဒီအချိန်မှာ အာဇာနည်ခေါင်းဆောင်တွေကိုအလေးပြုတာ၊ ဥသြဆွဲတာပြုလုုပ်လေ့ရှိတာပါ။

အင်အား သုံးဆယ်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လောင်းလုံးမြို့ရဲ့ အပြင်ဘက်ထွက်လာပြီး လေးမိုင်လောက်ဝေးတဲ့ဗိုလ်မှူးကြီး  ဗထူးပန်းခြံဘက်ကို လက်နက်ကြီး ခုနစ်ချက်ခန့် ပစ်ခတ်ခဲ့တာလို့ လည်း ပြောပါတယ်။

လက်နက်ကြီးကျည်ဆန်တွေကတော့ ဗထူးပန်းခြံတဝိုက်ကို လေးလုံးခန့်၊ လေးသွန်ခံရွာနဲ့ စစ်ပြဲရွာအကြား သုံးလုံးခန့် ကျရောက် ပေါက်ကွဲပြီး လူအထိအခိုက် မရှိပေမယ့် နေအိမ်နှစ်လုံးတော့ ကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ဗထူးပန်းခြံမှာရ၆ နှစ်မြောက်  အာဇာနည်နေ့အခမ်းအနား ပြုလုပ်မယ်ထင်ပြီး စစ်တပ်ဘက်က အခုလို ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

‘’ဘာလို့ဆို သူတို့အဓိက ဦးတည်ပြီးတော့ ပစ်တဲ့နေရာက ဗထူးပန်းခြံကို အဓိကဦးတည်ပြီးပစ်တယ်။ ကျတဲ့နေရာက ဗထူးပန်းခြံကိုတော့ တည့်တည့်မကျရောက်ဘူးပေါ့၊ ဒါပေမယ့် ဗထူးပန်းခြံဝန်းကျင် လေးသွန်ခံရွာမှာ  လက်နက်ကြီးကျည်ဆန် သုံး၊ လေးလုံးလောက် ကျကွဲသွားတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ဗိုလ်မှူးကြီးဗထူးရုပ်ထုရှိတဲ့ အဲဒီပန်းခြံမှာတော့ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ၂၀၂၂ ခုနှစ်နဲ့ အခု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်တွေမှာ ဗိုလ်မှူးကြီးဗထူး ကျဆုံးတဲ့နေ့ အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ဖူးပါတယ်။

လတ်တလောအခြေအနေမှာ အဲဒီ လေးသွန်ခံရွာမှာက အခုထိ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ရေးအရ လှုပ်ရှားတာမျိုးလည်းမရှိပါဘူူးလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီတပ်ဘက်က အရပ်သားတွေနေထိုင်တဲ့ နေရာဆိုတာ သိရက်နဲ့ အခုလို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

“အခုဆိုရင် သူတို့ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်ဘေးကိုတောင်ကျခဲ့တာမျိုးရှိတယ်ဗျ၊ အဲတော့ အိမ်ပေါ်ကျသွားလို့ ရှိရင် တော်တော်လေး ဆိုးဆိုးဝါးဝါး ပြည်သူတွေ ထိခိုက်သေကြေမှုတွေဖြစ်နိုင်တယ်။ ပြီးတော့ အိုးအိမ်တွေပျက်စီးတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ အဲဲဒီတော့ ဒီလိုမျိုးလုပ်တဲ့ဟာက တော်တော်လေး ရုပ်ဆိုးအကျည်းတန်တယ်ဗျာ’’ လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်ထဲက နေရာသုံးနေရာမှာတော့ ဒီနေ့မနက်ပိုင်းက အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုတာတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လောင်းလုံးမြို့ပေါ်မှာ မနက် လေးနာရီခွဲလောက်ကတည်းက ကားသုံးစီးနဲ့ ကင်းလှည့်သွားလာနေတာရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

‘’အကြမ်းဖက်စစ်ကောင်စီက သူတို့အာဏာတည်မြဲဖို့အတွက်ဆိုလို့ရှိရင် ပြည်သူလူထုကို ကြောက်စိတ်သွင်းဖို့ စစ်ရေးပစ်မှတ်တွေ အရပ်သားတွေဆိုတာ သူတို့မခွဲခြားတော့ဘူးပေါ့ဗျာ။ သူတို့က ပြည်သူလူထုတရပ်လုံးနဲ့ စစ်ခင်းနေတဲ့ ပုံစံဖြစ်နေတယ်” လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။