ကျောက်တံခါးမှာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးနဲ့ သတင်းပေးနှစ်ဦး သေဆုံးတယ်လို့ PDF ပြော

ဇူလိုင်၊ ၁၉
 
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့ KTV ကို မနေ့က ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲနှစ်ဦးနဲ့ ရဲသတင်းပေးနှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး အိမ်စီးကား တစီး ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
 
ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၁ အနီးက KTV ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို DNA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ကျောက်တံခါးမြို့ခံတဦးကတော့ မနေ့ ညက ကင်းလှည့်နေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရသလို နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။
 
ရန်ကုန်-မန္တလေး လမ်းဟောင်း ကျောက်တံခါးမြို့အထွက် မိုင်တိုင် (၁၀၂/၁၀၃)ကြားရှိ တံတားပေါ်ကို မနေ့က ည ၁၁ နာရီဝန်းကျင်မှာ ဖြတ်သန်းလာတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။
 
“ လှည့်ကင်း အဖွဲ့တွေ ပတ်နေတာ၊ တံတားမှာ မိုင်းကြိုဆင်ထားတာ ဖြစ်မယ်၊ သူတို့လည်း အဖြတ် မိုင်းကကွဲတာ၊ အဲ့မှာ ရဲနှစ်ကောင်လောက် ထိသွားတယ်၊ မိုင်းဆွဲခံရပြီး နှစ်ဖက်ပစ်ခတ်ကြတယ်၊ ထွက်ကြည့်တဲ့ ကေတီဗီပိုင်ရှင်နဲ့ ရဲသတင်းပေးတွေလည်း ကျည်ထိပြီး သေတယ် ” လို့ သူကပြောပါတယ်။
 
မိုင်းခွဲတိုက်ခိုက်မှုနဲ့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက် အသက် (၃၅)နှစ်၊ 101 KTV ပိုင်ရှင် ကိုဉာဏ်ဝေအောင် အသက် (၃၉)နှစ်နဲ့ ကိုစိုးပိုင် အသက် (၄၂)နှစ်တို့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
ဒါ့အပြင် ရဲတပ်သား အောင်ကျော်ထက်ဟာလည်း ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာနဲ့ ကျောက်တံခါးမြို့နယ် ဆေးရုံကြီးမှာ တက်ရောက် ကုသနေရတယ်လို့ ဆိုပါတယ်။
 
“ အခုမနက်တော့ လုံခြုံရေးအင်အားတွေ အများကြီး တိုးထားတယ်၊ တောကျောင်း ဘုန်းကြီးကျောင်းမှာလည်း တပ်စွဲ ထားတယ် ” လို့ ကျောက်တံခါးမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
 
မနေ့ညက ကျောက်တံခါးမြို့နယ်မှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို မြို့နယ်အတွင်းက တံတား နှစ်စင်းနဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းတို့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်ပြုပြင်နေတယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ တံတားကို ဒီကနေ့မနက်ပိုင်းမှာ တွေ့ရစဥ်။