ဇူလိုင်၊ ၁၉
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက် မှာ လမ်းသွားလမ်းလာ ဒေသခံတွေကို ဓားပြတိုက်နေတဲ့ တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်တွေဟာ အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
“ ဘာကြောင့်ဖမ်းနေလည်းတော့ မသိဘူး၊ အရင်ရက်က ဓားပြတိုက််နေတဲ့ စခ ၂ ကောင် ဖမ်းခံရလို့ ရှက်ရမ်းရမ်းပြီး လိုက်ဖမ်းနေတာထင်တယ် “ လို့ Kawlin Info တာဝန်ရှိသူတဦးက ပြောပါတယ်။
ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက် အနောက်ဖက် လက်ခုပ်ပင် အနီးမှာ ဇူလိုင်လ ၁၄ ရက်က လက်လုပ်သေနတ်အတိုတွေနဲ့ လမ်းသွားလမ်းလာတွေကို ဓားပြတိုက်နေတယ်လို့ သတင်းရရှိတာကြောင့် ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်မှ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ ဝန်းသို (၁၁၁) မှ တပ်သား ရွှေလျှံထွန်းနဲ့ ဝန်းသို (၁၂၀) မှ တပ်သား ဟန်ဝင်းအောင်တို့ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် တပ်သား ရွှေလျှံထွန်း သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။
အဲဒီဖြစ်ရပ်ပြီးတဲ့နောက် ဇူလိုင်လ ၁၇ ရက်ကစပြီး ကောလင်းမြို့ပေါ်က ဒေသခံအရပ်သားတွေကို စစ်ကောင်စီတပ်တွေက မနေ့ကထိ လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံ နှစ်ဆယ် ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
အင်အား တရာကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်သတင်းပေးတွေက ကျော်ဇေယျရပ်ကွက်၊ စက်ရုံလယ်ပြင်ရပ်ကွက် နဲ့ ဆေးမင်းခုံကျေးရွာက ဒေသခံတွေကို ဖမ်းဆီးတာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဘယ်လောက်ပါဝင်တယ်ဆိုတာတော့ မသိရသေးပါဘူး။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ကောလင်းမြို့ပေါ်က ရပ်ကွက်ထိပ်တွေမှာ ကင်းပွိုင့် ချထားပြီး စစ်တပ်သတင်းပေးတွေနဲ့အတူ အသက် နှစ်ဆယ် နဲ့ သုံးဆယ်ကျော် အရွယ်ရှိ အမျိုးသား၊ အမျိုးသမီးတွေကို နေအိမ်တွေထဲထိပါ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကောလင်းရဲစခန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှူး (စရဖ)ရုံးတွေမှာ ထိန်းသိမ်းထားပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာနဲ့ မိသားစုနဲ့ တွေ့ခွင့်ရ၊ မရလည်း မသိရသေးဘူးလို့ Kawlin Info တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ မြောက်ဘက် သုံးမိုင်အကွာရှိ ကသဲ (ရွှေပြည်အေး)ရွာမှာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သား ၁၉ ဦးကို တွေ့ရစဉ်။