အင်တာ ဂိုးသမား အိုနာနာအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ဇူလိုင်၊ ၁၉

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင်အတွက် ယူနိုက်တက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၁ သန်းအပြင် စွမ်းဆောင်ရည်အလိုက် နောက်ထပ် ယူရို ၄ သန်း တိုးမြှင့်ပေးချေဖို့ ကမ်းလှမ်းခဲ့ပြီး အီတလီ ကလပ်က သဘောတူခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ်ဒဟေးယား ထွက်ခွာသွားတဲ့နောက် အိုနာနာကို အစားထိုး ခေါ်ယူဖို့ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပါတယ်။ အိုနာနာဟာ ဘောလုံးကို ကွင်းလယ်လူ တယောက်လို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် ကစားနိုင်ပြီး ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ် အလိုရှိနေသလိုမျိုး ကစားကွက် ပုံဖော်မှုမှာ ထဲထဲဝင်ဝင် ပါဝင်တဲ့ ဂိုးသမားမျိုး ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ အိုနာနာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့်လည်း သူ့ရဲ့ စျေးက မြင့်တက်သွားခဲ့ပါတယ်။ သူဟာ နယ်သာလန်ကလပ် အိုင်းယက်စ် အမ်စတာဒမ်မှာတုန်းက တန်ဟက်ဂ် လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။

ယူနိုက်တက်ဟာ လောလောဆယ် အိုနာနာကို ဆေးစစ်ဖို့နဲ့ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စတွေ ပြီးပြတ်စေဖို့ စီစဉ်နေပြီး အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ အမြန်ဆုံး ထည့်သွင်း အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။ အိုနာနာဟာ ယူနိုက်တက်မှာ ၂၀၂၈ ထိ စာချုပ်ဖို့လည်း ညှိနှိုင်း သဘောတူထားပြီးပါပြီ။

လောလောလတ်လတ် အနေနဲ့ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်ကိုလည်း ၅ နှစ် သက်တမ်းတိုး စာချုပ်ထားပြီးပါပြီ။ ဒါ့အပြင် ကလပ်လက်မဲ့ ဖြစ်နေတဲ့ အသင်းရဲ့ ဝါရင့်ခံစစ်မှူးဟောင်းကြီး ဂျွန်နီအီဗန်စ်ကိုလည်း ရာသီကြို ခြေစမ်းပွဲတွေမှာ ထည့်သွင်းအသုံးပြုဖို့ ရည်ရွယ်ပြီး ကာလတို စာချုပ်နဲ့ ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။

 

Ref: BBC