ဇူလိုင်၊ ၁၈
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ ခရစ်ယာန် ဘုရားကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
“ဒီနေ့မနက် ၁၁ နာရီလောက်မှာ လေယာဉ်က နှစ်ကြိမ်၊သုံးကြိမ်လောက်ဝဲပြီးတော့ ပစ်သွားတာ။ သူတို့က(စစ်ကောင်စီ) ကျွန်တော်တို့ CDF တပ်ဖွဲ့တွေရှိနေတယ်ထင်လို့လာပစ်တာလားတော့ မသိဘူး’’လို့ ကန်ပက်လက်မြို့နယ် ၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက DNA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အဲဒီလေကြောင်းတိုက်ခိုက်ခဲ့မှုကြောင်လူထိခိုက်မှုမရှိပေမယ့် အဲဒီကျေးရွာနဲ့အနီးဝန်းကျင်ကကျေးရွာတွေက ရာနဲ့ ချီတဲ့ ဒေသခံတွေပါ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ လည်း ဆက်လက်ပြောပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲကို ရိက္ခာပို့ဆောင်ဖို့ စစ်ကြောင်းထိုးနေတဲ့လမ်းတလျှောက် မကွေးနဲ့ ချင်းပြည်နယ်နယ်စပ်က ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး စုစုပေါင်း စစ်ဘေးရှောင်နှစ်ထောင်ကျော်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။
မဆာတွီကျေးရွာကို စစ်ကောင်စီတပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်တာဟာ ဒီကနေ့ ဇူလိုင် ၁၈ ရက်မနက် ၇ နာရီကျော်က ဒေသခံ CDF တပ်ဖွဲတွေနဲ့စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေအထိနာသွားတာကြောင့် အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၁၅ ရက်ကစပြီး ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ထဲကို မကွေးတိုင်းအစပ်ကနေ ရိက္ခာပို့ဆောင်ဖို့ စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာကြောင့် ချင်းကာကွယ်ရေးတပ်(CDF- Kanpetlet )နဲ့ ပူးပေါင်းအဖွဲ့တို့က ဟန့်တားတိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ဖို့ကြိုးစားနေတာကြောင့် မကွေးတိုင်း လောင်းရှည်မြို့နဲ့ကန်ပက်လက်မြို့နယ်ဘက်ကိုဆက်သွယ်ထားတဲ့ ဆွဲလွဲကျင်း-မဆွာတီ-ကျင်ဒွေး လမ်းမကြီးကို ဇူလိုင် ၁၁ ရက်ကစတင်ပြီး ယာယီပိတ်ထားလိုက်တယ်လို့ ခေါ်နူးတပ်ရင်း (Khonu Battalion, CDF- Kanpetlet)က ထုတ်ပြန်ကြေညာထားပါတယ်။
လက်ရှိအချိန်မှာတော့ အင်အားသုံးရာဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်ထဲကို ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိသေးဘဲ မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာသာရှိနေဆဲဖြစ်သလို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတယ်လို့ ခေါ်နူးတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
“စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းက အင်အားသုံးရာလောက်ပါတယ်လို့ ကျွန်တော်တို့သိရတယ်။ သူတို့(စစ်ကောင်စီတပ်)လမ်းကြောင်းပေါ်မှာရှိနေတဲ့ ကျေးရွာတွေကတော့ လက်ရှိမှာ စစ်ဘေးရှောင်နေရပြီးတော့ ဒုက္ခရောက်နေတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို အဖက်ဖက်ကနေကြည့်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF- Kanpetlet အပါအဝင်ပူးပေါင်းတပ်တွေအကြား စစ်ရေးအရှိန်မြင့်တက်နေတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောကြားကြ ပါတယ်။
‘’စစ်ကောင်စီရဲ့ဒီလိုလုပ်ရပ်အပေါ်မှာ ကျွန်တော်တို့ကတော့ ပြင်းပြင်းထန်ထန်ပဲ ပြန်ပြီးတော့တုံ့ပြန်သွားဖို့ပဲရှိပါတယ်”လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုပေါင်း ၁၄၂၇ ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း ၆၃၄ ဦးသေဆုံးခဲ့တယ်လို့လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၂၀၂၃ ခုနှစ်၊မေလက ထုတ်ပြန်ထားပါတယ်။