ထားဝယ်ထောင်မှာ အကျဉ်းသားတွေ အစုလိုက် ဖျားနာပေမယ့် ဆေးဝါးကုသမှုရဖို့ အခက်တွေ့နေ

ဇူလိုင်၊ ၁၈
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတချို့ အစုလိုက် ဖျားနာတာတွေ ဖြစ်နေကြပါပေမယ့် ဆေးဝါးကုသမှု လုံလုံလောက်လောက်ရဖို့ အခက်တွေ့နေကြတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
” ရာသီအကူးအပြောင်းမှာ ဒါမျိုးက ပုံမှန်ဖြစ်နေကျပဲ၊ ထောင်ဆေးခန်းက ဘာပဲဖြစ်ဖြစ် ပါရာစီတမော၊ စီဗစ်ပဲ ပေးတာ၊ အခုက အပြင်ကနေ ဆေးတွေပို့ဖို့ ခက်နေလို့ အဆင်မပြေဖြစ်နေတာ။ သူတို့ပေးတဲ့ ဆေးတွေသောက်တာက တော်ရုံမပျောက်ဘူး၊ အထဲမှာက တယောက်နဲ့ တယောက် ပူးကပ်ပြီး နေကြရတော့ တယောက်စဖျားပြီဆို ကူးကြတာပဲ၊ သူတို့ပေးတဲ့ ဆေးပဲ သောက်နေရင် အနည်းဆုံးတပတ်လောက်ကြာမှ သက်သာတာ ” လို့ အခုနှစ်အတွင်း ထောင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
 
ထားဝယ်အကျဉ်းထောင်မှာ အခု ဇူလိုင်လ အစပိုင်းကနေစလို့ အကျဉ်းသားတချို့ ဖျားနာတာ၊ နှာစေးချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ အစုလိုက် ဖြစ်နေကြပြီး ရာသီတုပ်ကွေး ဖြစ်နိုင်တယ်လို့လည်း အဲဒီနိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။
 
လက်ရှိမှာက ထားဝယ်ထောင် ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်း ငါးဦးလောက်ကို အပြောင်းအလဲ လုပ်ထားပြီး ထောင်အတွင်းမှာ စစ်တပ်ကပါ လုံခြုံရေး ယူထားတာကြောင့် ထောင်ဝင်စာပို့ဖို့လည်း အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
 
” ဆေးတွေမှာလို့ သွားပို့ပေးတာ၊ အထဲရောက်မလာဘူးတဲ့၊ အခုက ထောင်မှာ စစ်တပ်လည်း လုံခြုံရေးယူထားတော့ ထောင်ဝင်စာလည်း တော်တော်စစ်တယ်၊ အစ်မတို့ဆို သွားမပို့ရဲတော့ဘူး။ အရင်ကတော့ လိုအပ်တဲ့ ဆေးဝါးတွေပို့ရင် အမြဲတမ်း အကုန်မရောက်ပေမယ့် ရောက်တဲ့အခါက များတယ်၊ အခုက ပို့ဖို့ကို အဆင်မပြေဘဲ ဖြစ်နေတာ ” လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်ထောင်အတွင်းက ထောင်ဆေးခန်းမှာတော့ စစ်တပ်ဆရာဝန်တဦး ရှိပေမယ့် သူ့အနေနဲ့ အချိန်မှန်ကုသပေးတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
 
ထားဝယ်ထောင်မှာ အမျိုးသားအိပ်ဆောင် သုံးဆောင်နဲ့ အမျိုးသမီးအိပ်ဆောင် နှစ်ဆောင်ရှိပြီး အမျိုးသားအိပ်ဆောင် သုံးဆောင်မှာတော့ စုစုပေါင်းအခန်း ၁၄ ခန်းရှိတယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားအိပ်ဆောင်က အခန်းတွေမှာတော့ အကျဉ်းသားတွေကို ပုံမှန်ဝင်ဆံ့တဲ့ ဦးရေထက်ကျော်လွန်ပြီး ထားထားတယ်လိုလည်း ဆိုပါတယ်။
 
” ပျမ်းမျှအနေနဲ့ ပြောမယ်ဆို လေးဆယ်ဆန့်တဲ့ အခန်းမှာ ခြောက်ဆယ်၊ ရှစ်ဆယ်ဆန့်တဲ့ အခန်းမှာ တရာ အဲလိုထည့်ထားတာ။ အဲတော့ အကုန်ပိတ်ကျပ်နေတာပေါ့။ အခုလို အကျဉ်းသားတွေ ဖျားကြပြီဆို ထောင်ဝန်ထမ်းတွေက အနားလာမကပ်ရဲတော့ဘူး၊ လာရင်လည်း Mask (နှာခေါင်းစည်း) လုံးဝမချွတ်တော့ဘူး၊ သူတို့တော့ ကူးမှာ တော်တော်ကြောက်တယ် ” လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်အကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်က တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းငါးဦးလောက်ကို နေရာပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အသစ်ထပ်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်ကလည်း ထောင်အတွင်းမှာ ကတုတ်ကျင်းတွေ တူးတာ၊ ဘန်ကာဆောက်တာတွေအပြင် ထောင်ဝင်စာပို့တဲ့ ပစ္စည်းတွေကိုပါ အတင်းအကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း တထောင်ဝန်းကျင်ရှိပြီး အဲဒီအထဲက လေးရာလောက်ကတော့ နိုင်ငံရေးအကျဉ်းသူ/သားတွေ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကို တင်ဆက်နေတဲ့ The Tanintharyi Times ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
ဓာတ်ပုံ – DNA