ဇူလိုင်၊ ၁၈
ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ဘောလုံးပြိုင်ပွဲတွေဟာ အမေရိကန် မေဂျာလိဂ်ထက် ပိုအဆင့်မြင့်တယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်ပါတယ်။
ဆော်ဒီကလပ် အယ်လ်နက်ဆာ အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးက သူ့ရဲ့ အစဉ်အလာ ပြိုင်ဘက် လီယွန်နယ် မက်ဆီက မေဂျာလိဂ် ပြိုင်ပွဲဝင် အင်တာမိုင်ယာမီ အသင်းနဲ့ စာချုပ်လိုက်တဲ့နောက် အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ မိခင်နိုင်ငံ ပေါ်တူဂီမှာ ကစားတဲ့ ခြေစမ်းပွဲမှာ အယ်လ်နက်ဆာက စပိန်ကလပ် ဆယ်လ်တာဗီဂိုကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်လ်ဒိုက အခုလို ပြောခဲ့တာပါ။ သူဟာ အဲဒီပွဲစဉ် ပထမပိုင်းမှာ ပါဝင် ကစားခဲ့ပါတယ်။
သူ့အနေနဲ့ မက်ဆီလိုမျိုး မေဂျာလိဂ်ဆီ ကူးပြောင်း အခြေချနိုင်သလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ဟာ မေဂျာလိဂ်ထက် ပိုကောင်းတယ်လို့ တုံ့ပြန်သွားခဲ့တာပါ။ နောက်ပြီး သူဟာ ဆော်ဒီလိဂ်ကို ကမ္ဘာကျော် ထိပ်တန်း ဘောလုံးကြယ်ပွင့်တွင် စိတ်ဝင်စားလာအောင် လမ်းဖွင့်ပေးခဲ့ကြောင်း၊ အခုဆိုရင် နာမည်ကြီး ကစားသမားတွေ ဆော်ဒီမြေကို တဖွဲဖွဲ အခြေချလာနေကြောင်းလည်း ပြောသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့တဲ့နောက် အခုနှစ်ဆန်းပိုင်းမှာ အယ်လ်နက်ဆာ အသင်းဆီ ကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာတော့ အယ်လ်နက်ဆာအပြင် တခြား ဆော်ဒီ ဘောလုံးကလပ်တွေကပါ ဥရောပ အခြေစိုက် နာမည်ကျော် ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ကာရင်မ် ဘန်ဇီးမား၊ မာဆယ်လို ဘရိုဇိုဗစ်၊ အန်ဂိုလို ကန်တေး၊ ရောဘတ်တို ဖာမီနို၊ ရူဘန်နီဗက်စ်၊ အီဒူရက်ဒ် မန်ဒီစသူတွေကို ဆက်တိုက် စာချုပ် ခေါ်ယူခဲ့သလို နောက်ထပ် ကစားသမားကောင်းတွေကိုပါ ချိတ်ဆက် ဆွေးနွေးနေပါတယ်။
Ref: ESPN