တောင်အာဖရိက ကျူးကျော်ရပ်ကွက် မီးလောင်မှု အိမ်ခြေ ထောင်နဲ့ချီ ပြာကျ

ဇူလိုင်၊ ၁၇

တောင်အာဖရိက နိုင်ငံမှာ ဆင်းရဲသားတွေ နေထိုင်ရာ ကျူးကျော် ရပ်ကွက်ကြီးတခု မီးလောင်မှုကြောင့် အိမ်ခြေ ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဆိပ်ကမ်းမြို့ တခုဖြစ်တဲ့ ဒါဘန်ရဲ့ ကနေဒီလမ်း ကျူးကျော်ရပ်ကွက်ထဲမှာ ဇူလိုင် ၁၆ ရက် မနက်အစောပိုင်းက မီးစတင် လောင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ မီးလောင်မှုမှာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် လူ ၁ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

စုတ်ချာနွမ်းပါးတဲ့ တဲအိမ် အများစုဟာ ပြာကျနေတဲ့ အပျက်အစီး အကြွင်းအကျန်တွေအဖြစ် ပြောင်းလဲသွားတာကို မှတ်တမ်း ဗီဒီယိုတွေထဲမှာ မြင်နေရပါတယ်။ မီးလောင်ပြင်ထဲမှာ လျှောက်သွားရင်း ပိုင်ဆိုင်မှု အတိုအစ အကြွင်းအကျန်လေးတွေကို ရှာဖွေနေသူတွေကိုလည်း တွေ့ရပါတယ်။

မီးဘာကြောင့် စလောင်သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မျက်မြင်တချို့က ရပ်ကွက်နေ အမျိုးသားနှစ်ဦး အရက်သောက်ရင်း စကားများ ရန်ဖြစ်ရာက မီးစတင်ခဲ့တယ်လို့ ပြောပေမယ့် ရဲတပ်ဖွဲ့ကတော့ အတည်မပြုသေးပါဘူး။

တောင်အာဖရိက ကြက်ခြေနီအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကတော့ မီးလောင်ပြင် မြင်ကွင်းဟာ အကြီးစား ကပ်ဘေးတစ်ခုနဲ့ တူနေပြီး လူပေါင်း ၃၀၀၀ နဲ့ ၄၀၀၀ ကြားလောက် အိုးမဲ့အိမ်မဲ့ဘဝ ရောက်သွားနိုင်ကြောင်း ပြောပါတယ်။

အခုမီးလောင်ကျွမ်းမှုဟာ ဒါဘန်မြို့ရဲ့ သမိုင်းကြောင်းနဲ့ ချီပြီး ပြောရင်တောင် အဆိုးဆုံးဖြစ်ရပ် တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ လောလောဆယ်တော့ ကြက်ခြေနီ အဖွဲ့နဲ့ လူမှုကယ်ဆယ်ရေး အသင်းတွေဟာ မီးဘေး ဒုက္ခသည်တွေကို ရိက္ခာတွေ ကူညီဝေမျှဖို့၊ လှူဒါန်းငွေတွေ ပိုမို ကောက်ယူရရှိနိုင်ဖို့ အားထုတ် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

 

Ref: BWN