ရွှေဘိုစျေးမှာ ဗုံးနှစ်လုံးပေါက်ကွဲလို့ သံဃာတော်တပါးအပါအဝင် ရှစ်ဦးဒဏ်ရာရ

ဇူလိုင်၊ ၁၆
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေးမှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
 
“ အဲဒါ ဈေးမှာ ဖြစ်သွားတာ၊ တမိနစ်၊ နှစ်မိနစ်လောက်ခြားတယ်၊ ပေါက်တာကလေ၊ ထိတာပေါ့၊ ကလေးတွေရော၊ ဘုန်းကြီးတွေ ရောပဲလေ ထိသွားတာ၊ ဒီမှာက ကုန်စိမ်းတို့ ရောင်းတာလေ၊ ဒီနေရာကို ပစ်ထည့်တာလား၊ သူတို့လာထားတဲ့ ဗုံးပဲလားတော့ မသိဘူး၊ အားလုံးပေါင်းဆို ရှစ်ဦးကျော်၊ ရှစ်ဦးလောက်ရှိမယ်လေ၊ ဒဏ်ရာရတာကလေ ” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ရွှေဘိုမြို့၊ အမှတ် (၄)ရပ်ကွက် ရွှေဘိုမြို့မဈေးအတွင်းနဲ့ အပြင်မှာ ဇူလိုင်လ ၁၆ ရက် ဒီကနေ့မနက် ၇ နာရီခွဲခန့်မှာ ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
အဲဒီဗုံးပေါက်ကွဲမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးတဦး၊ သံဃာတော်တပါး၊ အမျိုးသမီးသုံးဦး၊ အမျိုးသားသုံးဦးတို့မှာ ခြေလက်နဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။
 
“ ဒဏ်ရာက အများကြီးတော့ မရလိုက်ဘူး၊ လူတွေလည်း လန့်သွားတာပေါ့နော်။ အဲမှာ ပေါက်ကွဲပြီးတော့ လူနာတင်ကားနဲ့ ဆေးရုံကို ခေါ်သွားကြတယ် ” လို့ အဲဒီ မြို့ခံက ပြောပါတယ်။
 
ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ဒေသခံပြည်သူတွေအကြားမှာတော့ ရွှေဘိုမြို့မဈေးအနောက်ဘက် ဦးအောင်ဇေယျနန်းတော်မှာ တပ်စွဲထားတဲ့ ခမရ (၄၂)မှ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။
 
“ ဒီမှာက ဘယ်သူမှလည်း မရှိဘဲနဲ့ ဘယ်သူက လာပစ်မှာလည်းပေါ့နော်၊ အခုဈေးထဲမှာ ပြောနေကြတာတော့ နန်းတော်မှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်တာလို့ ပြောတာပေါ့နော် ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
 
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့မဈေးကို ခေတ္တပိတ်ချကာ လမ်းသွားလမ်းလာသူတချို့နဲ့ မသင်္ကာဖွယ်လူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဖမ်းခံရတာမျိုးတော့ အကိုတို့ မကြားမိဘူး၊ ဈေးခဏပိတ်ပြီး စစ်ဆေးတာတော့ ရှိတယ်ညီ ” လို့ ဒေသခံက ပြောပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီလုပ်ဆောင်မှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လုပ်ဆောင်တာဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာကနေ DNA က သွားရောက်မေးမြန်း ထားပေမယ့် ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပါဘူး။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ပြောကြားတာ မရှိသေးသလို DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်အထိ နိုင်ငံတဝှမ်းမှာ ဖောက်ခွဲမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးထိရှိတယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခင်က ပြောကြားထားပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်