ဇူလိုင်၊ ၁၆
မကွေးတိုင်း၊ ဆောမြို့နယ် ရင်ကဲကျေးရွာ အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွါးနေလို့ စစ်ဘေးရှောင်နေရတဲ့ အဲဒီရွာခံ တထောင်ကျော်လောက်ဟာ အရေးပေါ်စားနပ်ရိက္ခတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းက တာဝန်ရှိတဦးက ဆိုပါတယ်။
“ ဒီဖက်မှာ မိုးတွေကလည်း ရွာနေတာဆိုတော့ မိုးရွာထဲပဲ ပတ်ပြေးနေရတယ်။ အခက်အခဲတွေကတော့ အများကြီး အဓိကတော့ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ လိုနေတယ်ဗျ။ ရွာလည်း မီးရှို့ခံထားရတာဆိုတော့ ဘာမှမရခဲ့ကြဘူး အတော်ဒုက္ခရောက်နေကြတယ် “ လို့ သူကဆိုပါတယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာရှိနေတဲ့ ရင်ကဲရွာကို စစ်အုပ်စုက ဒီလ ၁၄ ရက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။ အဲဒီလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရင်ကဲရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး နဲ့ အမျိုးသားတဦးတို့ ထိမှန်ပြီး သေဆုံးသွားခဲ့သေးတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် အိမ်ခြေပေါင်း ၃၅၀ နီးပါးရှိတဲ့ အဲဒီကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးထဲပါသွားခဲ့သလို အိမ်ခြေ နှစ်ဆယ်လောက်ပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။
“ ချင်းပြည်နယ်ထဲက ကျေးရွာတချို့ရယ်၊ ဆောတိုက်နယ်ထဲက ကျေးရွာတချို့က ခွဲပြီးတော့ စစ်ရှောင်နေရတယ်၊ ကျနော်တို့ဖက်မှာ စစ်ဘေးရှောင်တွေက ဟိုစလင်းကြီးဖက်က ဟာတွေကောဆိုတော့ အများကြီးပဲ၊ အလံဖြူထောင်ပြီး စစ်ရှောင်စခန်းပုံစံ လုပ်ထားရတာတောင်ရှိတယ်။ အခု ရင်ကဲက လူတွေလည်း နီးစပ်ရာတွေကို သွားနေကြရတယ်။ ဘုန်ကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ နေရတယ် “ လို့ ဒေသခံတဦးက ပြောပါတယ်။
ရင်ကဲရွာကို စစ်အုပ်စု စတင်ဝင်ရောက်တဲ့ ဇူလိုင်လ ၁၄ ရက်မှာပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ဆော PDF တပ်ရင်း (၃) က ရဲဘော်တဦးအပါအဝင် ငါး ဦး ကျဆုံးခဲ့သလို စစ်အုပ်ဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးမှုတွေနဲ့ ပက်သက်ပြီးတော့ သက်ဆိုင်ရာအဖွဲ့တွေက တရားဝင်ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပေမယ့် စစ်အုပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အမ်-၂၂ သေနတ် နှစ်လက်၊ စနိုက်ဘာ သေနတ် တလက် ၊ RPG သေနတ် တလက်၊ အမ်အေ သေနတ် တလက်၊ လက်လုပ်သေနတ် နှစ်လက်၊ ကျည်အိမ်မျိုးစုံ လေးခု၊ RPG ဒုံးသီး တလုံး၊ အမ် ၂၂ ကျည် ငါးဆယ်တောင့်၊ လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
DNA သတင်းဌာနကတော့ အဲဒီအချက်အလက်တွေနဲ့ပတ်သတ်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာလည်း ဆောနယ်တောင်ဖက်အပိုင်းနဲ့ မြောက်ဖက်အပိုင်းမှာ စစ်အုပ်စုက စစ်ရှောင်နှစ်ကြောင်း ညှပ်ထိုးနေတဲ့အတွက် အဲဒီအနီးနားက ကျေးရွာတွေမှာလည်း စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်ပွါးနေသေးသလို စစ်ရေးတင်းမာမှုတွေ ရှိနေသေးတဲ့အတွက် ဒီလ ၁၃ ရက် မနက်ပိုင်းကစပြီး မကွေးတိုင်းဒေသကြီးထဲက ဆော-ကျောက်ထု လမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
ဓာတ်ပုံ – DAF (Magway)