ဇူလိုင် ၊ ၁၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဇူလိုင် ၁၆ ရက်ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ရှစ်ထောင် ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။
“လက်ရှိမှာ ခင်ဦးနယ်အနောက်တောင်ခြမ်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ ဝင်နေတာပေါ့။ စစ်ဘေးရှောင်နေရတဲ့ရွာတွေက ဒေသခံတွေကိုတော့ အနီးဝန်းကျင်ကရွာတွေကတော့ ကူညီပေးနေတာပေါ့။ လက်တလော စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေကတော့ ကိုယ့်ရွာကနေ စစ်ကြောင်းပြန်ထွက်သွားရင် ရွာထဲပြန်ဝင်နေကြတာများပါတယ်”လို့ ခင်ဦးမြို့နယ်ထဲက ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
အင်အားတရာဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ၁၅ ရက် မနေ့ကအမှတ်(၈)လေ့ကျင့်ရေးတပ်ထဲက ထွက်ခွာလာပြီးနောက် ရွှေဘိုနယ် ခွန်တောင်းကြီးပျူစောထီးရွာနဲ့ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်း ကနေ ခင်ဦးနယ်အနောက်တောင်ခြမ်းကို ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံသုံးထောင် ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ရေးသားထားပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင်လ ၁၅ ရက် မနေ့ညက တဲဘိုပင်ကျေးရွာကို ညအိပ်ရပ်နားခဲ့ပြီး ဒီကနေ့ ဇူလိုင် ၁၆ ရက်မှာ ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းထဲကကျေးရွာတွေကိုစစ်ကြောင်းထိုး ဝင်ရောက်လာတယ် လို့လည်း ဆိုပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်းနဲ့ မြို့သစ် အစရှိတဲ့ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
လက်ရှိ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဇွန်လက ခင်ဦးနယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခု ဇွန် ၇ ရက်မှာ လူသားဒိုင်းပြုလုပ်ဖမ်းဆီးလာတဲ့ ဒေသခံ နှစ်ဆယ် ဦးနဲ့အတူ ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေးတပ်ထဲကို ဝင်ရောက်သွားတဲ့ ခမရ ၇၀၂ နဲ့ ၇၀၈ တပ်က ဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။
ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ ခမရ ၇၀၂ နဲ့ ၇၀၈ တပ်က အင်အား တရာကျော်ရှိ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ရေဦးမြို့နယ်ဘက်နေထွက်ခွာလာတာဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားတဦးလည်းခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်က ဒေသခံအရပ်သား နှစ်ဆယ် ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ယူနီဖောင်းဝတ်ဆင်စေပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီလို လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊မရှိဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ သူတို့စတင်ထွက်ခွာလာတဲ့ ရေဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးထွက်ခွာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“လက်ရှိ စစ်ကောင်စီစစ်ကြောင်းကတော့ ကျေးရွာတွေထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးဝင်နေလို့ စစ်ဘေးရှောင်နေကြရတာပေါ့။ ဒီစစ်ကြောင်းက ရေဦးမြို့နယ်ဘက်ကို ဦးတည်ဝင်သွားမယ့်အခြေအနေတွေ့ရတယ်”လို့ စစ်ဘေးရှောင်ပြည်သူတဦးက ဆိုပါတယ်။
Photo – ခင်ဦးသတင်းအမှန် ပြန်ကြားရေး