တိုက်ပွဲကြောင့်တိမ်းရှောင်နေရတဲ့ ရေးမြို့နယ်ဒေသခံတွေ နေရပ်ပြန်ဖို့စစ်တပ်ကခြိမ်းခြောက် ဖိအားပေးနေ

ဇူလိုင်၊ ၁၅

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရေးမြို့နယ် နှစ်ကရင်ကျေးရွာဒေသခံတွေကို ငါးရက်အတွင်း အိမ်ကိုပြန်လာကြဖို့ စစ်ကောင်စီတပ်က ခြိမ်း ခြောက်ဖိအားပေးနေတယ်လို့ အဲ့ဒီရွာခံတွေက DNA ကိုပြောပါတယ်။

“လော်နဲ့ လိုက်အော်တာတော့ မဟုတ်ဘူး၊ ရွာမှာရှိနေတဲ့သူတွေကနေတဆင့် တိမ်းရှောင်နေတဲ့သူတွေကို အသိပေးခိုင်းတယ်” လို့ နှစ်ကရင်ရွာမှာပဲ လက်ရှိအထိ ဆက်လက်နေထိုင်နေတဲ့ ရဒေသခံတဦးက ပြောပါတယ်။

နှစ်ကရင်ရွာခံတွေ ငါးရက်အတွင်း နေရပ်ကို ပြန်မလာရင် နေအိမ်တွေကိုပိတ်သိမ်းသွားမှာဖြစ်တယ်လို့ စစ်ကောင် စီတပ်က ကျေးရွာအတွင်း ကျန်ခဲ့တဲ့ဒေသခံတွေကတဆင့် သတင်းဖြန့် ခြိမ်းခြောက်နေတာလို့ နှစ်ကရင်ရွာခံ စစ် ဘေးရှောင်တဦးကလည်းထပ်ပြောပါတယ်။

“မပြန်လာရင် အိမ်တွေ အကုန်လုံးလိုက်ပြီးပိတ်သိမ်းပစ်မှာတဲ့၊ တာဝန်မယူဘူးလို့တော့ အဲ့ လိုပြောတယ်၊ ဖျက်ဆီး လိုက်မယ့်သဘောပဲ ထင်တယ်၊ တွေ့ကရာယူသွားမှာပေါ့နော်၊ ကျွန်မတို့လည်း မပြန်လာရဲ ဘူးလေ၊ ဘာလို့ဆိုရွာ မှာ စစ်သားတွေအများကြီးပဲ တပ်စွဲထားတာ၊တချိန်လုံး စစ်ဖြစ်နေကြတာ၊ ကြောက်တာပေါ့၊ ကျွန်မတို့တော့ မပြန် ရဲသေးဘူး” လို့ သူကပြောပါ တယ်။

အဲ့ဒီလိုစစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်အမြန်ပြန်လာဖို့ ပြောဆိုပြီးနောက် တိမ်းရှောင်နေသူတချို့ နေအိမ်ကို ပြန်လာတာမျိုးရှိနေပေမယ့် အများစုကတော့ နေအိမ်ကို မပြန်လာကြရဲဘူးလို့ ဆိုပါတယ်။

“ပြန်တယ်ဆိုတာကလည်း အိမ်က အမျိုးသားကို တချက်လောက်ပြန်ခိုင်းကြတာမျိုးတွေ ရှိတယ်၊ မပြန်ရင်လည်း အိမ်ကို သူတို့ ဖျက်ဆီးလိုက်မှာစိုးလို့ပေါ့၊ တချို့ကျတော့ လုံးဝကို မပြန်လာတာမျိုးတွေလည်း ရှိတယ်”လို့ အဲဒီဒေသခံက ပြောပါတယ်။

နှစ်ကရင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ ဝင်ရောက်တိုက်ခိုက်တာကြောင့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာကြောင့် အရပ်သားတချို့သေဆုံးခဲ့ သလို တိုက်ပွဲအပြီးမှာလည်း ရွာခံ တွေကို PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိမရှိ စစ်ဆေးတာ၊ဒေသခံတချို့ကို ဖမ်းဆီးတာမျိုးတွေလုပ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အိမ်ခြေသုံးထောင်ကျော်ရှိတဲ့ နှစ်ကရင်ကျေးရွာကနေ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတဲ့ လူဦးရေ နှစ်ထောင်နီးပါးအထိရှိလာပြီလို့ ဒေသခံတဦးက ပြောပါတယ်။စစ်ကောင်စီက စွပ်စွဲဖမ်း ဆီးထားတဲ့ရွာခံ ၁၅ဦးလောက်အထိရှိနေပြီလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့ ဖမ်းဆီးထားတဲ့ ဒေသခံတချို့ကို ငွေကျပ်ငါးသိန်းကနေ ဆယ်သိန်းကျော် အထိ တောင်းပြီး ပြန်လွှတ်ပေးတာမျိုးရှိပေမယ့် တချို့ကတော့ ဒီကနေ့ အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဒေသခံ တွေက ဆိုကြပါတယ်။

ရေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလိုနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက် လက်နက်ကြီးအပြင် လေကြောင်းပစ်ကူနဲ့ပါ ကျေးရွာတွေ ထဲကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလို့ ဒေသခံတွေကပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မွန်ပြည်နယ်က စစ်ရှောင်တချို့