ဝက်လက်နယ် ရှိန်းမကားရွာမှာ စစ်တပ်ကမီးရှို့ လို့နေအိမ်နဲ့စျေးဆိုင်ခန်းတွေပျက်စီး

ဇူလိုင်၊ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားရွာက နေအိမ်တချို့နဲ့ စည်ပင်သာယာဈေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့နာကြောင့် ဆိုင်ခန်းသုံးဆယ်ကျော်နဲ့ နေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ Wetlet Information Network တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“ဒီကောင်တွေက(စစ်ကောင်စီတပ်) အရက်မူးနေကြတာ၊အရက်မူးပြီးတော့လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ပြီးတော့ ရှိန်းမကားရွာထဲက သဲဘုတ်ကုန်းမှာရှိတဲ့ နေအိမ်သုံးလုံးနဲ့တဲနှစ်လုံးကို မီး ရှို့တယ်၊ အဲဒီလို မီးရှို့ပြီးမှ စည်ပင်သာယာဈေးထဲက ဆိုင်ခန်းတွေကို ထပ်ရှို့တာ”လို့ သူကပြောပါတယ်။

ရှိန်းမကားကျေးရွာ စည်ပင်သာယာဈေးကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ရာမှာလူသုံးကုန်ပစ္စည်းတွေ အများစုသိုလှောင်ရောင်းချနေတဲ့ အဓိကဆိုင်ခန်းအားလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရှိန်းမကားကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲ  လက်နက်ကြီး၊ လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်ပြီး လူနေအိမ်တွေနဲ့ဈေးဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် PDF တွေက သူတို့ကို(စစ်ကောင်စီတပ်) လာရောက်ပစ်ခတ်ပါက ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေကို ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်သွားသေးတယ်လို့ ဆိုပါတယ်။

“ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ပြည်သူတွေကိုလက်ခံမထားဖို့ စစ်ကောင်စီတပ်တွေက လိုက်ပြောနေတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်၊သူတို့ကို(စစ်ကောင်စီတပ်) PDF တွေက လာတိုက်ရင် ဘုန်းကြီးကျောင်းတွေနဲ့ပြည်သူတွေထဲကို ပြန်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်၊ ကျွန် တော်တို့ကတော့ ပြည်သူတွေနစ်နာမှာစိုးရိမ်လို့ ဘာမှပြန်မလုပ်သေးပါဘူး”လို့ ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်နယ်အရှေ့ခြမ်းမန္တလေးတိုင်း မတ္တရာမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးက ရှိန်းမကားရွာဟာ အိမ်ခြေ ၁၅၀၀ ကျော်လောက်ရှိတဲ့ တိုက်နယ်အဆင့် ကျေးရွာတရွာဖြစ်ပါတယ်။

မတ္တရာနဲ့ ဝက်လက်မြို့နယ် အစပ် ဧရာဝတီမြစ် ကမ်းဘေးကျေးရွာတွေကို စစ်ကောင်စီက မကြာ ခဏ စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်လေ့ရှိသလို ကျေးရွာတချို့မှာ တပ်စွဲအထိုင်ချထားတာမျိုးတွေလည်းရှိပါတယ်။

ရှိန်းမကားကျေးရွာမှာတော့ အာဏာသိမ်းပြီးက တည်းက တပ်စွဲနေခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ သမ္မရိုးရွာကိုဝင်ရောက်ပြီး ဈေးသည်ခုနစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်တောင်ပိုင်းက သာလိုင်းရွာနဲ့ သုံးဆင့်ကန်ရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်တို့က စစ်ကြောင်းထိုးခဲ့ချိန်အတွင်း ဒေသခံအမျိုးသားနှစ်ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။