ဇူလိုင်၊ ၁၄
စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ အခန်းကဏ္ဍကို ကျော်လွန်စွက်ဖက်ရာ ရောက်နေတယ်လို့ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း က သူဟာ အခုလ ဒုတိယပတ်အတွင်း နေပြည်တော်ကို လာရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒွန်က ဘယ်လိုတင်ပြခဲ့တယ်ဆိုတာ အသေသးစိတ် မသိရပေမယ့် သတင်းထောက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်သတ်မှတ်ချက် မပါတဲ့ တွေ့ဆုံဆွေးနွေးရေးကို လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အဲ့ဒီလိုပြောဆိုမှုတွေဟာ တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုတွေသာဖြစ်ပြီး ယုံကြည်လက်ခံနိုင်ဖွယ်ရာမရှိ၊ တရားဝင်မှု မရှိတဲ့ ပြောဆိုမှုတွေသာဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအကျဉ်းထောင်ထဲမှာ တဦးတည်း သီးသန့်ချုပ်နှောင်ခံထားရပြီး သတင်းအချက်အလက် မှန်ကန်ပြည့်စုံအောင် မရတဲ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ဆုံးရှုံးနေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် မြန်မာအရေးနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်စေတနာကောင်းနဲ့ ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှကို ကြိုဆိုပေမယ့် အာဏာသိမ်းစစ်ကောင်စီကို အရာသွင်း ထိတွေ့ဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့တော့ ရလဒ်ကောင်းတွေ ရလာမှာမဟုတ်ဘူးလို့ NUG က ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုမှာ နေပြည်တော်ကို တိတ်တဆိတ်လာရောက်ခဲ့ပြီး ဒီခရီးစဥ်ကို နှစ်နိုင်ငံတာဝန်ရှိသူတွေက လျှို့ဝှက်ထားခဲ့ပါတယ်။
အဲ့ဒီနောက်မနေ့က အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာတော့ ဒွန်က သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အသိပေးခဲ့တာပါ။
သူ့ရဲ့ထုတ်ဖော်ပြောဆိုမှုတွေဟာ တဆင့်ခံ ပြန်လည်ပြောဆိုမှုတွေဖြစ်လို့ သံသယဖြစ်စရာတွေ ရှိနေတယ်လို့ NLD ပါတီကလည်း ဒီကနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတွေဟာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရချိန်အတွင်း လူသိရှင်ကြား ထွက်ပေါ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနှစ်ရပ်နဲ့ ကွဲလွဲနေတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထောက်ပြထားပါတယ်။
ဒါကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်လာပြီး သူတို့ရဲ့သဘောထားတွေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ဖို့ကို အားစိုက် လုပ်ဆောင်သင့်တယ်လို့ NLD ပါတီက တိုက်တွန်းတောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းတော်လှန်ရေး အင်အားစုတွေက ဝေဖန်နေကြသလို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာလည်း ထည့်သွင်းဝေဖန်ထားပါတယ်။
မြန်မာ့အရေးအတွက် ဘယ်လို လှုပ်ရှားမှုတွေဖြစ်ဖြစ် ထောက်ပံ့ကူညီပေးသင့်ပေမယ့် အဲ့ဒီဆောင်ရွက်မှုတွေဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်အတိုင်းသာ ဖြစ်သင့်ပြီး အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်ဆောင်ဖို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဓာတ်ပုံ – Google