စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမြို့နယ် ဒေသခံ ဇနီးမောင်နှံနှစ်ဦး သေဆုံး

ဇူလိုင်၊ ၁၄
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က မနေ့က ညပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် စီးစံရွာက ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပြီး သူတို့ရဲ့ကလေးလည်း ဒဏ်ရာရခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ လက်နက်ကြီးက နေအိမ်ပေါ်ကို တိုက်ရိုက်ကျသွားတာပေါ့၊ အိမ်ထဲမှာရှိတဲ့ လင်မယားနှစ်ယောက်ကတော့ ဗိုက်မှန်ပြီး နေရာမှာတင် ဆုံးသွားတယ်၊ သူတို့ကလေးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးသွားသူတွေဟာ ကလေးမြို့ အနောက်တောင်ဘက် ငါးမိုင်ဝန်းကျင်အကွာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ စီးစံကျေးရွာက အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုလာလာလ်နဲ့ သူ့ရဲ့ဇနီး မလားလ်ပက်လူးတို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်နှစ်နှစ်ကျော်အရွယ် ကလေးငယ်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
 
မနေ့ကညပိုင်းက တိုက်ပွဲဖြစ်နေတာမရှိဘဲ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့နယ် အနောက်တောင်ဘက် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က စီးစံ၊ စက္ကန့်၊ မြို့လှ၊ ရှားတော စတဲ့ကျေးရွာတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
 
လက်နက်ကြီးကျည် ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် စီးစံရွာခံ အမျိုးသမီးတဦးလည်း ဒဏ်ရာရခဲ့သလို အဲ့ဒီရွာရဲ့ မြောက်ဘက်မှာရှိတဲ့ စက္ကန့်ရွာက ဒေသခံနှစ်ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြသေးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။ ထိခိုက်ဒဏ်ရာရသူ ဦးရေ အတိအကျတော့ မသိရသေးပါဘူး။
 
သေဆုံးသွားတဲ့ စီးစံရွာက ချင်းတိုင်းရင်းသား ဇနီးမောင်နှံနှစ်ဦးကိုတော့ ဒီကနေ့မှာပဲ ချင်းဓလေ့ရိုးရာအတိုင်း သင်္ဂြိုလ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ၊ ဇွန်လပိုင်းတွေမှာ ကလေးမြို့စွန် ရပ်ကွက်တွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒေသခံ ရှစ်ဦးအထိ သေဆုံးခဲ့ပြီး သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုလ ၁၁ ရက် မနက်ပိုင်းကလည်း ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ မြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်၊ အမှတ် (၁၄) ကျောင်း အနီးကို ကျရောက်ပေါက်ကွဲလို့ တအိမ်တည်းအတူနေ မောင်နှမနှစ်ဦးနက် အမဖြစ်သူ အမျိုးသမီး သေဆုံးကာ မောင်ဖြစ်တဲ့ အမျိုးသားကတော့ ဒဏ်ရာရခဲ့ပါတယ်။
 
ဓာတ်ပုံ – NCO Upper Chindwin Region