အရက်မူးပြီး လူငါးဦးကို ကားနဲ့တိုက်မိခဲ့တဲ့ ဒုရဲအုပ်တဦး စစ်ဆေးခံနေရ

ဇူလိုင်၊ ၁၄
 
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးရဲ့မိသားစုဝင်တွေအပါအဝင် အရပ်သားငါးဦးကို ကားနဲ့တိုက်ပြီး တာဝန်မယူတာကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းက ဒုရဲအုပ်မျိုးသီဟ ဟာ ဌာနတွင်း စုံစမ်းစစ်ဆေးမှု ခံယူနေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ ဒီလူ တိုက်သွားတာ နှစ်နေရာတောင်လေ၊ တိုက်သွားတဲ့ထဲ အုပ်ချုပ်ရေးမှူး မိသားစုလည်း ပါတော့၊ အဲဒါ လူကြီးတွေကို တိုင်လိုက်လို့၊ အခု စစ်ဆေးခံနေရတယ်၊ ဟိုက တရားစွဲဖို့တောင် လုပ်သေးတာ၊ မြို့နယ်မှူးတို့၊ ခရိုင်မှူးတို့ ကအစ သိသွားတာလေ၊ ဒီလူက အရင်ကတည်းက ဇရှိတယ်၊ အဲလိုမျိုး မူးလာရင်း နည်းနည်းရမ်းတာရှိတယ်၊ အခုမှ မဟုတ်ဘူး၊ လူတိုင်းသိတယ် ” လို့ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
သိမ်ဇရပ်ရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ်မျိုးသီဟ ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က ကားမောင်းလာချိန် အမှတ် (၃)ရပ်ကွက်အရောက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းရဲ့ သမီး၊ သမက်နဲ့ မြေးဖြစ်သူတို့ သုံးဦးကို ကားနဲ့ ဝင်တိုက်မိခဲ့တာပါ။
အခင်းဖြစ်ချိန်မှာ ဒုရဲအုပ်မျိုးသီဟ အရက်မူးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကားတိုက်မှုဖြစ်တဲ့ နေရာကို အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ရောက်လာပြီး နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းခဲ့ပေမယ့် မပြေလည်ခဲ့ဘဲ ဒုရဲအုပ်မျိုးသီဟက အသင့်ပါလာတဲ့ သေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်ခြိမ်းခြောက်ကာ ကားမောင်းထွက်သွားတယ်လို့ သိရပါတယ်။
 
အဲ့ဒီနောက် ဒုရဲအုပ်မျိုးသီဟ ဟာ သိပ်ဇရပ်မြို့ သာယာကုန်းကျေးရွာ ဈေးလမ်းဆုံတနေရာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ဦးကို ကားနဲ့ ထပ်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ သိမ်ဇရမ်ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီလို ဒေသခံငါးဦးကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဒုရဲအုပ်မျိုးသီဟကို ကားနဲ့အတိုက်ခံရတဲ့ မိသားစုဝင်တွေက မကျေနပ်လို့ ကျိုက်ထိုမြို့မရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် ဌာနတွင်းစစ်ဆေးမှု ခံယူနေရတာလို့ ဆိုပါတယ်။
 
“ အစကတော့ ကောင်းကောင်းမွန်မွန်နဲ့ ညှိနှိုင်းကြတယ်လို့ ပြောတယ်၊ အဲမှာ အဆင်မပြေသေးဘူး၊ နောက်တော့ အဆင်ပြေသွားပြီလို့တော့ ပြောတယ်၊ ဒါပေမယ့် ခရိုင်မှူးကတော့ အဲလိုမျိုးလုပ်တဲ့ သူ့တပည့်ကို အရေးယူသွားမယ်လို့တော့ ပြောတာပဲ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ဒုရဲအုပ် မျိုးသီဟ ကားနဲ့ ဝင်တိုက်သွားတဲ့ ဒေသခံငါးဦးကတော့ ခြေလက်ခေါင်းတွေမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ကျိုးပဲ့ဒဏ်ရာတွေ ရခဲ့ကြပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ခံ စစ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေက မူးရူးပြီး လက်နက်မဲ့ ဒေသခံ အရပ်သားပြည်သူတွေအပေါ်ကို မတရားအနိုင်ကျင့် ခြိမ်းခြောက်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – Google