ကျောက်တံခါးမြို့ပေါ် ဈေးတက်ဝယ်တဲ့ ဒေသခံဆယ့်ရှစ်ဦးကို စစ်ကောင်စီဖမ်းဆီးထား

ဇူလိုင်၊ ၁၄

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ဘက်က ဈေးလာဝယ်တဲ့ အရပ်သား ၁၈ ဦး စစ်ကောင်စီ မတရားဖမ်းဆီးပြီး ရိုက်နှိက်တာတွေ လုပ်ဆောင်နေသလို တချို့ကို အမှုဖွင့်အရေးယူဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။

“ သူတို့ကို အမှုဖွင့်ဖို့ လုပ်နေတာက သေချာတယ်၊ အားလုံးတော့ မဟုတ်ဘူးလို့ သိထားရတယ်၊ ဟိုလေ သူတို့တွေကို ရိုက်နှက်ထားတာရှိတယ်၊ ပြီးတော့ ခြိမ်းခြောက်ပြီး စစ်ဆေးမေးတာတွေလည်း ရှိနေတယ်ပေါ့နော်၊ ကျွန်တော်သိထား သလောက်က ဟိုလေ ခက်တာက သူတို့ကို အခုဖမ်းထားတာက ခြောက်တာပေါ့ဗျာ၊ အဲလိုမျိုးပေါ့ ” လို့ ကျောက်တံခါးမြို့မ ရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ဇူလိုင်လ ၆ ရက်ကနေ  ဇူလိုင်လ ၉ ရက်အထိ ကျောက်မှော်ဘုရားကြီး၊ ဒါးကုလားကျေးရွာ၊ ပဒဲကောကျေးရွာ၊ ဗမာဝက်လာတောကျေးရွာမှ ဒေသခံပြည်သူ ၁၉ ဦးဟာ ကျောက်တံခါးမြို့ပေါ်ကို တက်လာပြီး ဈေးဝယ်ဖို့လာရာမှ လမ်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“ ကျောက်တံခါးမြို့နယ် ဈေးလာဝယ်တဲ့သူတွေပါ ဆိုင်ကယ်လိုင်စင်မရှိလို့ ဖမ်းဆီးထားတယ်လို့ သိရတယ် ရွှေကျင်နှင့် ကျောက်ကြီးမြို့ပေါ်ဘက်က စျေးသွားဝယ်ဖို့ အဆင်မပြေတော့ ကျောက်တံခါးမြို့နယ်ဘက် လာဝယ်ကြတာပါ တခြားဘာမှတော့ မသိရသေးဘူး “ လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီဖမ်းဆီးခံခဲ့ရတွေထဲက တဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၁၈ ဦးကို ဒီကနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘဲ သူတို့အားလုံးကို မြို့မရဲစခန်းနဲ့ ခလရ (၂၆၄) မှာ ဖမ်းဆီးထားပြီး အမှုဖွင့်ဖို့ စီစဉ်နေတာတယ်လို့  ဆိုပါတယ်။

အဆိုပါဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ KNU နဲ့  PDF ပူးပေါင်းတပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာလာရောက်ဝယ်ပေးတာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ အဲဒီမြို့မရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

“ အခုသူတို့ ဖမ်းထားတာလည်း အဲဒီကိစ္စအတွက်ပဲ၊ PDF တို့ KNU တို့အတွက် အစားအစာတွေ ရိက္ခာတွေ လာဝယ်ပေးတာဆိုပြီး ဖမ်းလိုက်တာပဲ၊ တကယ်တမ်းက ဒေသခံတွေက သူတို့စားဖို့လား၊ ဟိုက ခိုင်းလို့လာဝယ်တာလားတော့ မပြောတတ်ဘူးပေါ့နော် ” လို့ ပြောပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အများစုက အသက် နှစ်ဆယ် ဝန်းကျင် လူငယ်တွေဖြစ်ပါတယ်။ အသက်သုံးဆယ်ဝန်းကျင်အရွယ်တချို့နဲ့ လေးဆယ်ကျော်အရွယ်တဦး၊ ငါးဆယ် ကျော်အရွယ်ရှိသူ တဦးတို့ ပါဝင်တာလည်း တွေ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို ကျောက်တံခါးမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားကာ အသက် ၂၂ နှစ်အရွယ် မောင်ထက်ထက် ဆိုသူတဦးတည်းကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကိုတော့ ထောင်ဒဏ်ချမှာဖြစ်တဲ့အကြောင်း မိသားစုဝင်တွေ သိထားရတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယခုဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၈ ဦးကို အကြမ်းဖက်သမားတွေ ထောက်ပံ့တဲ့ ပုဒ်မတွေနဲ့ အရေးယူသွားမှာ ဖြစ်သလို အဲဒီထဲက တချို့ကိုတော့ ပြန်လွှတ်ပေးဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောဆိုခဲ့ပေမယ့် ဘယ်နေ့မှာနဲ့ ဘယ်နှစ်ဦးကို ပြန်လွှတ်ပေးမလဲ ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

“ ကြားတာက ပြန်လွှတ်ပေးမယ်ပေါ့နော်၊ ဘယ်နှစ်ဦးနဲ့ ဘယ်နေ့မှာဆိုတာက မပြောတတ်ဘူး၊ ကြောက်အောင် နည်းနည်း ခြောက်ထားအုန်းမယ်လို့ ပြောတာပဲ ” လို့ မြို့မရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်ကလည်းဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံအရပ်သား နှစ်ဆယ် ဝန်းကျင်ထဲက ငါးဦးဟာ စစ်ကောင်စီရဲ့ စစ်ကြောရေး သေဆုံးသွားခဲ့ပြီး အဲဒီထဲက တဦးကိုသာ မိသားစုဝင်တွေက အလောင်းကို တွေ့မြင်ခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီလိုအခြေအနေတွေကြောင့် ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် အသက်အန္တရာယ်ရှိလာမှာကို မိသားစုဝင်တွေကလည်း စိုးရိမ်မှုရှိနေပြီး အမြန်ဆုံးပြန်လွတ်လာဖို့ကိုလည်း မျှော်လင့်နေကြတယ်လို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ ကျွန်တော် မနေ့က မေးကြည့်တော့ ပြန်မလွတ်သေးဘူးနော်၊ သူတို့မိသားစုတွေကိုလေ၊ စကားပြောကြည့်သလောက်တော့ ဟိုတုန်းတွေကလို  အလောင်းပဲ လာထုတ်ဆိုပြီး အဲလိုမျိုး ဖြစ်လာမှာလည်း စိုးရိမ်နေကြတယ်၊ ဒီဘက်မှာကလေ အဲလိုမျိုး ဆန်၊ ဆီ၊ ရိက္ခာတွေ မြို့တတ်ပြီး သွားဝယ်ရင် အဲဒီလိုပဲ စစ်တပ်နဲ့ တိုးရင် သူတို့သိမ်းတာတွေ အရင်ကတည်းက ရှိနေခဲ့တာ၊ အခုက ဒီကဖမ်းခံရတဲ့သူတွေက တကယ့်ကို သာမန်အရပ်သားတွေပဲလေ၊ ခက်တာကဗျာ၊ ကေအဲန်ယူ နယ်မြေနဲ့ နီးစပ်တော့ သူတို့က ကေအဲန်ယူအတွက်ဆိုပြီး စွပ်စွဲပြီး ဖမ်းတာပဲ ” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံထားရတဲ့သူ (၁၉,၄၈၀)ဦးရှိပြီး အဲဒီထဲက (၆,၈၂၈)ဦးက ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ​ – Google