ပုလောမှာ မူးယစ်ဆေး ရောင်းချနေသူတဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိတယ်လို့ PDF ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့က မူးယစ်ဆေး ရောင်းချနေသူတဦးကို WY စိတ်ကြွစိတ်ပြား ခြောက်သောင်းငါးထောင်လောက်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က သတင်းထုတ်ပြန်ပါတယ်။
 
ဖမ်းဆီးရမိသူကို လတ်တလောမှာ အချုပ်ချထားပြီး ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီ အရေးယူမှာဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
” အခုတော့ ဖမ်းထားတုန်းပဲ၊ လောလောဆယ် မူးယစ်ဆေးအမှုနဲ့ ဖမ်းထားတာဆိုလို့ သူတယောက်ရယ် အရင်က ဖမ်းထားတဲ့ နှစ်ယောက်လည်း ရှိတယ် ” လို့ သူကပြောပါတယ်။
 
အသက် ၃၈ နှစ်အရွယ် အဲဒီအမျိုးသားကို သတင်းအရ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ ငွေသား သိန်းသုံးရာ့ခြောက်ဆယ်ကျော်၊ ရွှေဆွဲကြိုး သုံးကုံး၊ ရွှေလက်ကောက် ငါးကွင်းအပါအဝင် ရွှေထည်တချို့ ကိုပါ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
” ပုလောမှာ အဲဒီလက္ကူးရွာက မူးယစ်ဆေးဖြန့်တဲ့ ပင်မနေရာဖြစ်နေတာ၊ ပုလောမြို့နယ်ထဲက နေရာတော်တော်များများကို အဲရွာကပဲ ဖြန့်တယ်၊ ဒိုင်ကြီးတွေက အဲ့မှာရှိတယ်၊ အဲဒီလက္ကူးရွာမှာ PDF တွေ မူးယစ်ဆေးဝင်ဖမ်း နေတာကိုပဲ အနည်းဆုံး သုံးကြိမ်ရှိပြီ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိ ပုလောဒေသတဝိုက်မှာ WY စိတ်ကြွဆေးပြားတပြားကို ကျပ်နှစ်ထောင်လောက် ပေါက်ဈေးရှိတာကြောင့် အခုဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့ စုစုပေါင်းကာလတန်ဖိုးဟာ ကျပ်သိန်း တထောင့်သုံးရာလောက်အထိ ရှိပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့နဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း အဲဒီလက္ကူးကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အမျိုးသားသုံးဦးကို ပုလောဒေသကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင် (၁)