ဝမ်းတွင်းမြို့ရှိ သတင်းနဲ့စုံစမ်းရေး တပ်ဖွဲ့က ရဲအုပ်ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင်၊ ၁၄
 
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ရှိ သတင်းနဲ့ စုံစမ်းရေးတပ်ဖွဲ့ (SB)က ရဲအုပ်သိန်းဇော်မိုး ဆိုသူ မနေ့ကညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ WTRF (Wundwin Township Revolution Force)အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ ပွဲချင်းပြီး သေတာပါ၊ ခေါင်းကို နှစ်ချက်ပစ်ခဲ့တာ သေချာကြည့်ပြီးမှ ပြန်ခဲ့တာ၊ သူ့အလောင်းကို မိတ္ထီလာတော့ သယ်သွားတာပဲ ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
မနေ့က ညနေ (၅)နာရီကျော်လောက်မှာ ဝမ်းတွင်းမြို့၊ မြို့လယ်ခေါင် အမှတ် (၂)အုပ်ချုပ်ရေးမှူးရုံးနဲ့ မီးပွိုင်းအနီးမှာ ရဲအုပ်သိန်းဇော်မိုး ဆိုသူကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ပြီး ဦးခေါင်း ထိမှန်သေဆုံးခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
” မြို့လယ်ခေါင် ထမင်းဆိုင်နားမှာ သူက ရစ်တစ်တစ်လုပ်နေတာပါ။ သူ့ကို လိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ ဆော်လိုက်တာပါ။ သူက အရပ်ဝတ်နဲ့ပဲ နေတာ၊ ပုံဖျက်ထားတာပါ ” လို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ဒါ့အပြင် သေဆုံးသူ ရဲအုပ်သိန်းဇော်မိုးဟာ မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းတွေမှာ ဆက်ကြေးကောက်၊ သတင်းပေးမွေးတာ စတာတွေကို တမြို့နယ်လုံးမှာ လုပ်ဆောင်နေသူတဦးလည်း ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
 
“ ရခ၊ စခတွေကတော့ သိန်းဇော်မိုးကို မရှင်းခင် မနက်အစော ၅ နာရီကတည်းက စစ်ကြောင်းထိုးနေတာ တမြို့နယ်လုံး ရွာဘက်တွေဖက်တောင်ပါတယ်။ ကိုယ်တွေမြို့ပေါ် ခွေးမရှိတော့တာ၊ တွေ့တာနဲ့ ဆော်လိုက်တာ သူတို့စခန်းကို ပစ်ထားပြီး ရွာဘက်တွေမှာ စစ်ကား နှစ်ဆယ် စီးနဲ့ အတင်းလိုက်ရှာနေတာ၊ တိုင်းက ဆင်းပြီး ကိုင်တွယ်နေတာလို့ သိရတယ် “ လို့ WTRF ကတာဝန်ရှိသူတဦးက ပြောပါတယ်။
 
ရဲအုပ်ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက မြို့အဝင်အထွက်ကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို ကျေးရွာတချို့က ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆာင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ သိန်ဇော်မိုးကို ပစ်ခတ်ပြီးနောက် မြို့ပတ်ပတ်လည်က အကုန်ပိတ်ပြီး စောင့်နေတာ၊ အခင်းဖြစ်တဲ့ နေရာကိုတော့ ကားတစီးပဲ သွားတာ၊ အဲ့အချိန်ကနေ တညလုံးကိုရှာတာ ခုမနက်ထိပဲ နေရာအနှံ့ပဲ၊ ပြည်သူတွေအတွက်တော့ အန္တရာယ်ရှိလာနိုင်တယ်ဗျ “ လို့ WTRF က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
လက်ရှိဝမ်းတွင်းမြို့မှာ မြို့ရဲ့ လေးမျက်နှာလုံးမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ အဆင့်ဆင့်အထိုင်ချပြီး စစ်ဆေးတာတွေ လုပ်နေသလို လမ်းသွယ်တွေအထဲထိ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒီလအစောပိုင်းတုန်းကလည်း ရုန်းပင်ကုန်းကျေးရွာအနီးမှာ သုံးဒေါင့်အိုင် ဥက္ကဌ ထီလာ ဆိုသူနဲ့ ရွာခွဲတာဝန်ခံ မဲလေးကို WTRF က ရှင်းလင်းခဲ့ပါသေးတယ်။ အဲဒီနောက် စစ်အုပ်စုက သုံးဒေါင့်အိုင်၊ နေပူကုန်း၊ ရွာသစ်၊ ဘုရားစု၊ သဲတောလေး၊ ကုက္ကိုလ်ခါးလှ၊ ဖိုးကုန်း၊ ကျင်းရွာ၊ ရွဲသီး၊ ခင်ကြီး၊ ညောင်ကားယား ကျေးရွာတို့ရှိ ဒေသခံ ၁၅ ဦးလောက်ကို ယနေ့အထိ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ဝမ်းတွင်းမြို့ရှိ စစ်အုပ်စု လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့ကိုလည်း WTRF က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
 
ဓာတ်ပုံ​ – Social Media