ဟောလိဝုဒ် သရုပ်ဆောင် သိန်းနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြ လှုပ်ရှားမှု စတင်

ဇူလိုင်၊ ၁၄

အမေရိကန်မှာ အရေအတွက် သိန်းနဲ့ချီ များပြားတဲ့ ဟောလိဝုဒ် သရုပ်ဆောင်တွေ စုပေါင်းပြီး ဆန္ဒပြ လှုပ်ရှားမှု တခုကို စတင်ခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြမှုကြောင့် ရိုက်ကွင်းတွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှုတွေ အတော်များများ ရပ်ဆိုင်းနေမှာ ဖြစ်ပါတယ်။ ဟောလိဝုဒ်မှာတော့ ဒါဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အကြီးမားဆုံး လုပ်ငန်း နှောင့်နှေးမှုတွေနဲ့ ကြုံလာရတာပါ။ ဆန္ဒပြမှုအတွက် နာမည်ကျော် အနုပညာ ကြယ်ပွင့်တွေ အပါအဝင် ဟောလိဝုဒ် သရုပ်ဆောင် ၁၆၀၀၀၀ ဝန်းကျင်လောက် စုစည်းထားပြီး ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး (SAG)က ရုပ်ရှင်ထုတ်လုပ်မှု streaming ကုမ္ပဏီကြီးတွေက သရုပ်ဆောင်တွေကို အကျိုးအမြတ်တွေ ပိုမို မျှမျှတတ ခွဲပေးဖို့နဲ့ အလုပ်ခွင် ပတ်ဝန်းကျင် အခြေအနေတွေ မြှင့်တင်ပေးဖို့ တောင်းဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဥပမာ တခုအဖြစ် ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ Oppenheimer ရုပ်ရှင်အသစ် မိတ်ဆက်ပွဲကို လန်ဒန်မှာ ကျင်းပခဲ့တဲ့အခါ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ စီလီယန်မာဖီ၊ မတ်ဒေမွန်နဲ့ အီမလီ ဘလန့်၊ ဖလောရင့်စ် ပုဂျ်တို့ဟာ အခမ်းအနားကို တက်ရောက်ခဲ့ပြီးမှ အမေရိကန်မှာ ဆန္ဒပြ လှုပ်ရှားမှု စတင်ကြောင်း ကြေညာတာနဲ့ ပြန်လည် ထွက်ခွာသွားခဲ့ကြပါတယ်။

လက်ရှိ ဂယက်ကြောင့် အမေရိကန်ရဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး တော်တော်များများဟာ လုပ်ငန်းတွေကို မဖြစ်မနေ ရပ်နားထားရမှာ ဖြစ်ပါတယ်။

SAGရဲ့ တောင်းဆိုမှုတွေထဲမှာတော့ အနာဂတ် ရုပ်ရှင်တွေမှာ ဉာဏ်ရည်တု (AI)နဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ အစားထိုး မျက်နှာတွေကို အသုံးပြုပြီး သရုပ်ဆောင်တွေရဲ့ နေရာမှာ အစားမထိုးဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။

တဖက်မှာတော့ ရုပ်ရှင် စတူဒီယိုတွေ၊ ထုတ်လုပ်ရေး ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ထုတ်လုပ်သူများ မဟာမိတ် အဖွဲ့ (AMPTP)က ဟောလိဝုဒ် သရုပ်ဆောင်တွေ ဆန္ဒပြကြတဲ့ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း ကြေညာထားပါတယ်။

 

Ref: BBC