ချဲလ်ဆီး ကစားသမား ပူလီဆစ်ကို အေစီမီလန် စာချုပ်ခေါ်ယူ

ဇူလိုင်၊ ၁၄

ချဲလ်ဆီး အသင်းရဲ့ တောင်ပံတိုက်စစ်သမား ခရစ္စတီယန် ပူလီဆစ်ဟာ အီတလီ စီးရီးအေ ပြိုင်ပွဲဝင် အေစီမီလန်အသင်းနဲ့ စာချုပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမေရိကန် လက်ရွေးစင်ဟာ မီလန်နဲ့ ၄ နှစ် သက်တမ်း စာချုပ်တရပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ မီလန်ဟာ ပူလီဆစ်အတွက် ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၂၀ ပေးချေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

၂၀၁၉ ခုနှစ်မှာ ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့မန် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့နောက် ပူလီဆစ်ဟာ ချဲလ်ဆီးအတွက် ၁၄၅ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီး ကစားသမား ဘဝမှာ ၂၀၂၁ ခုနှစ်တုန်းက ဥရောပ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ချဲလ်ဆီးနဲ့ ဖြတ်သန်းခဲ့တဲ့ နောက်ဆုံးရာသီမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့သလို အသင်းရဲ့ အကြီးစား ပြင်ဆင်ပြောင်းလဲမှုမှာ ပိုလျှံ ကစားသမား ဖြစ်လာတဲ့နောက် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင် ဖြတ်သန်းဖို့ အီတလီမြေဆီ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီတွေမှာ အခက်အခဲ တချို့ ရှိခဲ့ကြောင်း၊ အကြောင်းမျိုးစုံကြောင့် သူဟာ ချဲလ်ဆီးမှာ​ မျှော်လင့်သလောက် ကစားခွင့် မရခဲ့ကြောင်း၊ မီလန်ကို ပြောင်းရွှေ့ဖို့ ဆိုတာက သူ့အတွက် အကောင်းဆုံး အခွင့်အရေး တခုဖြစ်လာပြီး မီလန်လို ထိပ်တန်း ကလပ်တခုမှာ အရာရာ အသစ်က ပြန်စဖို့ မျှော်လင့်ထားကြောင်း ပူလီဆစ်က ဆိုပါတယ်။

ချဲလ်ဆီးကလည်း အသင်းအတွက် ပူလီဆစ် ကူညီပေးခဲ့သမျှကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းသစ်မှာ အစစ အရာရာ အဆင်ပြေဖို့ ဆန္ဒပြုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပူလီဆစ်ကို ဝယ်ယူတုန်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ နီးပါးလောက် ပေးချေခဲ့ရပါတယ်။ အဲဒီစျေးကြောင့်ပဲ ပူလီဆစ်ဟာ မြောက်အမေရိကတိုက်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ပူလီဆစ်ဟာ မီလန်မှာ ချဲလ်ဆီး အသင်းဖော်ဟောင်း ရူဘန် လော့ဖ်တက်စ်ချိခ်နဲ့ ပြန်လည် ဆုံဆည်းနိုင်မှာပါ။ အဲဒီ အင်္ဂလန် ကွင်းလယ်လူကလည်း အခုနွေရာသီမှာပဲ မီလန်ကို ပြောင်းရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အခုနွေရာသီမှာ အသင်းရဲ့ ကိုင်ဟာဗက်ဇ်၊ မက်တီယို ကိုဗာဆစ်၊ မေဆန်မောင့်၊ ဆီဇာ အက်ဇ်ပီလီကွိုင်တာ၊ ကာလီဒူ ကူလီဘာလီ၊ အီဒူရက်ဒ် မန်ဒီနဲ့ အန်ဂိုလို ကန်တေး၊ တီမူး ဘာကာယိုကို၊ ဘာဘာရာမန်တို့ကို ထွက်ခွာခွင့် ပေးထားပြီး ဖြစ်ပါတယ်။

 

Ref: BBC