ကမ္ဘာ့ဖလားအတွက် ကစားသမားတွေ စေလွှတ်ပေးခဲ့တဲ့ အသင်းတွေအတွက် နစ်နာကြေးတွေကို ဖီဖာ ကြေညာ

ဇူလိုင်၊ ၁၄

ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ပေးတဲ့ ကလပ်အသင်းတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က နစ်နာကြေး ပေးခဲ့ရာမှာ မန်ချက်စတာ စီးတီး အသင်းက ပမာဏ အများဆုံး ရရှိခဲ့ပါတယ်။

အခုဘောလုံးရာသီမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး အဓိက ဆုဖလားကြီး ၃ လုံးကို သိမ်းကြုံး ဆွတ်ခူးခဲ့တဲ့ စီးတီးဟာ ဖီဖာဆီက ဒေါ်လာ ၄.၆ သန်းထိ ရရှိခဲ့ပါတယ်။ စီးတီးရဲ့ နောက်မှာတော့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ပဲရစ်စိန့်ဂျာမိန်း အစရှိတဲ့ အသင်းတွေက အစဉ်လိုက် ရပ်တည်နေကြပါတယ်။

အင်္ဂလန်အခြေစိုက် ကလပ်အသင်းတွေကတော့ ဖီဖာက သတ်မှတ်ပေးတဲ့ ဒေါ်လာ ၂၀၉ သန်းထဲမှာ ခွဲတမ်း အများဆုံးအဖြစ် စုစုပေါင်း ဒေါ်လာ ၃၇.၇ သန်းထိ ရရှိခဲ့ပါတယ်။ စီးတီးရဲ့နောက်မှာ မန်ချက်စတာ ယူနိုက်တက်က ဒေါ်လာ ၃.၃၂ သန်းနဲ့ ဒုတိယ၊ ချဲလ်ဆီးက ၃.၂၆ သန်းနဲ့ တတိယ နေရာတွေမှာ ရှိနေပါတယ်။

ဖီဖာရဲ့ အဆိုအရ ကမ္ဘာအရပ်ရပ်က ကလပ်အသင်း ၄၄၀ ဟာ ကစားသမားတွေ စေလွှတ်ပေးတဲ့အတွက် နစ်နာကြေးတွေ အသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ ဥရောပ ကလပ်တွေက စုစုပေါင်း ငွေပမာဏရဲ့ ၇၆ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၁၅၈.၉ သန်းကို ရရှိခဲ့ကြပါတယ်။

ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ ကြာမြင့်ခဲ့ပါတယ်။ ဖီဖာက ကစားသမား တဦးကို တရက်တာ ပြိုင်ပွဲဝင်နေတဲ့ ကာလအတွက် ပျမ်းမျှ ဒေါ်လာ ၁၀၉၅၀ နစ်နာကြေး သတ်မှတ်ပေးထားကြောင်း ပြောပါတယ်။ ဒါကြောင့် ပြိုင်ပွဲမှာ သက်တမ်းကြာကြာ ယှဉ်ပြိုင်ရတဲ့ ကစားသမားတွေရဲ့ မိခင်ကလပ်တွေဟာ နစ်နာကြေး ပိုမိုရရှိတဲ့ သဘောပါ။

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုက ၂၀၂၆ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အသင်းအရေအတွက် တိုးပွားလာခြင်းနဲ့အတူ သက်ဆိုင်ရာ ကလပ်တွေဆီ ပေးချေရမယ့် နစ်နာကြေးတွေလည်း ပိုများလာမယ်လို့ ပြောပါတယ်။ ၂၀၂၆ နဲ့ ၂၀၃၀ ပြိုင်ပွဲတွေမှာ ဖီဖာက စုစုပေါင်း ပေးချေရမယ့် နစ်နာကြေးက ဒေါ်လာ ၃၅၅ သန်းလောက်ထိ ရှိလာမယ်လို့ အင်ဖာတီနိုက ခန့်မှန်းခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေဆီ ကစားသမားတွေ စေလွှတ်ကြတဲ့ထဲမှာ ဘရာဇီးရဲ့ နာမည်ကျော် ဆန်းတို့စ် အပါအဝင် ကလပ်အသင်း ၅ ခုကတော့ ၁၅၅၁၃ ဒေါ်လာစီသာ ရခဲ့ပြီး ခွဲတမ်း အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Ref: BBC