ဇူလိုင်၊ ၁၃
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့်လည်း ထိုင်းဝန်ကြီးချုပ်လောင်း ပီတာ လင်မ်ဂျာရွတ်ရတ်ဟာ ထိုင်းလွှတ်တော် မဲပေးဆုံးဖြတ်မှုမှာတော့ စိတ်ပျက်စရာ အခြေအနေ တခုကို လက်ခံခဲ့ရပါတယ်။
ဇူလိုင် ၁၃ ရက် ညနေပိုင်းက လွှတ်တော် မဲပေးမှုမှာ ပီတာဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်လောင်း ဦးရေရဲ့ ထောက်ခံမဲတွေကို မစုဆောင်းနိုင်ခဲ့ပါဘူး။ ထိုင်းမှာ အထက်နဲ့ အောက်လွှတ်တော် နှစ်ခုပေါင်း ကိုယ်စားလှယ် ၇၅၀ ရှိတဲ့ထဲက ၃၇၆ ဦးက ထောက်ခံသူသာ ဝန်ကြီးချုပ် ဖြစ်ခွင့်ရမှာပါ။
ဒါပေမဲ့ ဆန္ဒမဲ ၇၀၅ ခု ရေတွက်ပြီးချိန်မှာ ပီတာအတွက် ရရှိတဲ့ ထောက်ခံမဲက ၃၂၄ မဲသာ ရှိတာကြောင့် သတ်မှတ်မဲ အရေအတွက် မပြည့်ဖို့ သေချာသွားခဲ့ပါတယ်။ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်တဲ့အတိုင်း အရင် စစ်အစိုးရ လက်ထက်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ အနက် အများစုက ပီတာကို ထောက်ခံမဲ မပေးခဲ့ကြပါဘူး။ ထူးဆန်းတာ တခုက အခု လွှတ်တော် မဲပေးမှုတွေမှာ ကြားနေ၊ ဒါမှမဟုတ် ပျက်ကွက်မဲ အရေအတွက် ၂၀၀ နီးပါးထိ မတန်တဆ များပြားခဲ့တာပဲ ဖြစ်ပါတယ်။
ပီတာရဲ့ Move Forwardပါတီ (MFP) ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံရေး အင်အားစုဟာ ဒီအခြေအနေကို ကြိုတင် တွက်ဆထားပြီး ဖြစ်နိုင်ပေမယ့် လက်လျှော့မှာ မဟုတ်ပါဘူး။ ပီတာဟာ ဇူလိုင် ၁၉ နဲ့ ၂၀ နှစ်ရက်မှာ ပြုလုပ်မယ့် နောက်ဆက်တွဲ လွှတ်တော် မဲပေးမှုတွေမှာ လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက် ရရှိလာဖို့ စည်းရုံးနိုင်မယ့် အခွင့်အရေး ကျန်နေဆဲပါ။ ဒါပေမဲ့ အဲဒီအချိန်ထိ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အင်အားစုတွေက သဘောထား တင်းတင်းမာမာနဲ့ ဆက်ပြီး ကန့်လန့်တိုက်နေဦးမယ် ဆိုရင်တော့ PTP ဦးဆောင်တဲ့ ၈ ပါတီ မဟာမိတ်တွေဟာ တခြား နည်းလမ်းတွေကို စဉ်းစားလာရမယ့် သဘောပါပဲ။ ပြီးတော့ ထိုင်းနိုင်ငံရေး အနာဂတ်ကလည်း ပိုမို ရှုပ်ထွေးပြီး မရေမရာ ဖြစ်လာပါလိမ့်မယ်။
လွှတ်တော် မဲခွဲဆုံးဖြတ်မှု မခံယူခင် ၆ နာရီ ဝန်းကျင်လောက် အခြေအတင် ငြင်းခုံဆွေးနွေးနေချိန်တွေ ကတည်းက ကွန်ဆာဗေးတစ်တွေက ပီတာဟာ အနောက်နိုင်ငံတွေရဲ့ အယူအဆတွေ စိမ့်ဝင် လွှမ်းမိုးနေပြီး နိုင်ငံကို ပြိုကွဲစေမယ့်သူလို့ စွပ်စွဲခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ်လောင်းအဖြစ် တဦးတည်း နာမည်တင်သွင်း ခံထားရတဲ့ ပီတာကတော့ မဲခွဲဆုံးဖြတ်မှု မတိုင်ခင် နောက်ဆုံး မိန့်ခွန်း ပြောရာမှာ သူဟာ ထိုင်းနိုင်ငံကို ပြိုကွဲစေမယ့် ဝန်ကြီးချုပ် လုံးဝ ဖြစ်မလာစေရဘူးလို့ ကတိပြုခဲ့ပါတယ်။
ဖွဲ့စည်းပုံ ဥပဒေအရ လွှတ်တော် မဲခွဲမှု ပထမအချီမှာ ရလဒ် ပြတ်ပြတ်သားသား ထွက်ပေါ်မလာတဲ့အတွက် လာမယ့် သီတင်းပတ်မှာ နောက်တကြိမ် မဲခွဲမှု ခံယူရမှာ ဖြစ်ပါတယ်။ MFPနဲ့ မဟာမိတ် အင်အားစုတွေက သဘောတူတယ်၊ ပြီးတော့ ပီတာကလည်း နောက်ထပ် အထက်လွှတ်တော် အမတ်တွေကို ပိုမို စည်းရုံးနိုင်မယ်လို့ ယုံကြည်ချက်ရှိရင် သူဟာ ဝန်ကြီးချုပ်လောင်း နေရာအတွက် နောက်တခါ နာမည်တင်သွင်းခွင့် ရှိနေဆဲပါ။
အနောက်တိုင်း ခေတ်ပညာတတ် တဦးဖြစ်တဲ့ ပီတာဟာ ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးအဖြစ် လူသိများပြီး လူငယ် မဲဆန္ဒရှင်တွေကြားမှာ အထူးတလည် ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်တပ်နဲ့ ဘုရင်စနစ်ကို လိုလားပြီး ကွန်ဆာဗေးတစ် အများစု ကြီးစိုးထားတဲ့ အထက်လွှတ်တော်ထဲမှာတော့ အမတ်အများစုက ပီတာဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု စံနှုန်းတွေကို ဖျက်ဆီးမယ့်သူ၊ တော်ဝင်မိသားစုအတွက် အန္တရာယ် တခုလို့ ယူဆပြီး ပီတာ ဝန်ကြီးချုပ် မဖြစ်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကြိုတင် ကြိမ်းဝါးထားခဲ့ကြပါတယ်။
မေလလယ်က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက်သာ ယှဉ်ပြိုင်ရတာဖြစ်ပြီး အထက်လွှတ်တော် အမတ်တွေကိုတော့ ၂၀၁၄ ခုနှစ်၊ ထိုင်းစစ်အစိုးရ လက်ထက် ကတည်းက ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ နေရာပေး ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
Ref: Reuters