ထောင်လွတ်ရက်စေ့နေတဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ပြန်လွတ်မလာဘဲ အဆက်အသွယ်ပြတ်နေ

ဇူလိုင်၊ ၁၃
 
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုသက်နှင်းအောင် ဟာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကတည်းက ထောင်က လွတ်ရက်စေ့ နေပေမယ့် လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
 
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တဲ့ ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လအတွင်း မြဝတီမြို့မှာ ဖမ်းဆီးခဲ့တာပါ။
 
အဲ့ဒီနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာတော့ စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ်၊ ဒဏ်ငွေ ကျပ်နှစ်သောင်း ပြစ်ဒဏ်ချမှတ်ကာ သထုံမြို့က ဈေးမသွယ်အကျဉ်းထောင် မှာ အကျဉ်းကျခံနေရတာလို့ သိရပါတယ်။
 
ကိုသက်နှင်းအောင်ကို ပြစ်ဒဏ်ချမှတ်ရာမှာ ချုပ်ရက်တွေကိုလည်း ပေါင်းထည့်ထားတာတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်လည်လွတ်မြောက်လာရမှာဖြစ်ပေမယ့် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာလို့ ဆိုပါတယ်။
 
” မိသားစုက ထောင်ရှေ့သွားစောင့်တော့ ရဲစခန်း ကနေမှ လွှတ်မှာလို့ ပြောလို့ ရဲစခန်း ထပ်သွားခဲ့ကြတယ်၊ တနေသာ ကုန်သွားတယ် ရောက်မလာဘူး၊ ထောင်ကဘဲ ပြန်မလွတ်ဘဲ ဆက်ဖမ်းထားတာလား၊ တခြား ဘယ်သူခေါ်သွားတယ်၊ ဘယ်ပို့လိုက်တယ်ဆိုတာ စုံစမ်းမရဘူး၊ အဲဒီလိုအဆက်သွယ်ပြတ်သွားလို့ အားလုံးက စိတ်ပူနေတယ် ” လို့ ကိုသက်နှင်းအောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကိုသက်နှင်းအောင်ဦးဆောင်ပါဝင်နေတဲ့ မြန်မာနိူင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရုံးကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် လုံခြုံရေးအရ တိမ်းရှောင်နေရင်း ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်က မြဝတီမြို့မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
 
လက်ရှိမှာ ကိုသက်နှင်းအောင်နဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မသိရတာကြောင့် မိသားစုဝင်တွေအပါအဝင် နီးစပ်သူတွေက စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
 
” သိရသလောက်က အဲဒီနေ့က ကိုသက်နှင်းအောင်နဲ့အတူ တခြားနိုင်ကျဥ်း နှစ်ယောက်လည်း လွတ်ဖို့ရှိနေတာ၊ သူတို့ပါပြန်လွတ်မလာဘူး၊ ထောင်ဟောင်းကနေ ထောင်အသစ်ကို ရွှေ့လိုက်တယ်ဆိုပြီးတော့လည်း ကြားတယ်၊ အတည်ပြုမရဘူး ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုသက်နှင်းအောင်နဲ့ နီးစပ်သူက ပြောပါတယ်။
 
အခုလိုအလုပ်သမားခေါင်းဆောင်ကိုသက်နှင်းအောင် လွတ်ရက်စေ့ပေမယ့် မလွတ်လာသေးဘဲ အစအနပျောက်နေတဲ့အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ဘန်ကောက်ရုံးက စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မနေ့က ကြေညာချက်တရပ် ထုတ်ပြန်တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံဟာ ILO အဖွဲ့၀င်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးထားတာကြောင့် ILO ပြဋ္ဌာန်းချက် အမှတ် – ၈၇ ​​ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်ကို အကာကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်မှာ ကိုသက်နှင်းအောင်အပါအဝင် အလုပ်သမားအဖွဲ့၊ သမဂ္ဂနဲ့ အလုပ်သမားရေးရာလှုပ်ရှားသူ နှစ်ရာထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။
 
လတ်တလော နိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီလက်အောက်ခံတွေက ခေါ်ထုတ်သွားပြီးနောက် သေဆုံးသွားပြီလို့ မိသားစုတွေဆီ အကြောင်းကြားလာတာမျိုးတွေလည်း ရှိနေပါတယ်။
 
မန္တလေးမြို့က လူသိများတဲ့ ရွှေဝါရောင်သံဃာတော်တပါးဖြစ်တဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) ဟာလည်း အာဏာသိမ်းစကတည်းက ဖမ်းဆီးထောင်ချခံခဲ့ရကာ ပြီးခဲ့တဲ့ ဇွန်လအတွင်း လွတ်ရက်စေ့ခဲ့ပေမယ့် အပြင်ကိုရောက်မလာသလို ထောင်တွင်းမှာလည်း ရှိမနေတော့ဘဲ အဆက်အသွယ်ပြတ်ပျောက်ဆုံးနေတယ်လို့ နွေဦးတော်လှန်ရေးသံဃာ့အဖွဲ့အစည်း တွေက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Google (ပုံဟောင်း)