ဇူလိုင် ၊ ၁၃
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာနဲ့ နန်းတောင်ရွာတွေမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၁၂ ရက်မနေ့ညက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပုလောမြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ ပုလောကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ နေထိုင်တဲ့ နေအိမ်ကို ည ၇ နာရီလောက်မှာ ပူရိယက္ခညီနောင်စစ်ကြောင်းက အရင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“စခန်းဝင်သိမ်းတာမျိုးတော့မဟုတ်ဘူး၊ သွားကတည်းက ပစ်ပြီးပြန်ဖို့ပါပဲ၊ အဲမှာက စစ်တပ်က ဆယ်ယောက်လောက်နဲ့ ပြည်သူ့စစ် ဆယ်ယောက်လောက်ရှိတယ်၊ ကျနော်တို့ဘက်က လက်ဦးမှုယူပြီးပစ်တာမို့ သူတို့ဘက်က အထိအခိုက်တော့ ရှိနိုင်တယ်” လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
အဲဒီနောက် ပုလောမြို့နဲ့ ကပ်လျက်ရှိတဲ့ နန်းတောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းကိုလည်း ည ဆယ်နာရီခွဲလောက်မှာ ပုလောဒေသကာကွယ်ရေးတပ် PRDF က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ပစ်တာကတော့ မိနစ်နှစ်ဆယ်ဝန်းကျင်ပဲ၊ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ပါ ပြန်ပစ်တယ်၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်” လို့ ပုလောဒေသကာကွယ်ရေးတပ် PRDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတဲ့ နန်းတောင်ရွာက စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ခန့်ရှိပြီး ပုလောအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၅ နဲ့ ကပ်လျက်ရှိပါတယ်။
ခလရ ၂၈၅ နဲ့ တမိုင်လောက်အကွာမှာရှိတဲ့ ကျောင်းနိမ့်ရွာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိနေပြီး အဲဒီရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကလည်း ပုလောကုန်းရွာနဲ့ ကပ်လျက် နတ်အိမ်တောင်ရွာမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ နေအိမ်ငါးလုံးနဲ့ ဥယျာဉ်ခြံတခြံကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းကြောင်း ကြေညာပြီး ပူရိယက္ခညီနောင်စစ်ကြောင်း ချိတ်ပိတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း အဲဒီ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၅ ရှိတဲ့ မကျည်းကုန်းရွာက စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
NUG အစိုးရက စစ်ရေးအဆုံးအဖြတ်နှစ်လို့ ပြောထားတဲ့ အခု ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံခဲ့ရတဲ့အခြေအနေကနေ သူတို့ရဲ့ စိုးမိုးကုန်းနယ်မြေတွေ၊ တပ်ရင်းတွေအထိပါ တန်ပြန်သွားရောက်တိုက်ခိုက်နိုင်လာတယ်လို့လည်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက DNA ကို ပြောဆိုထားပါတယ်။