ပုန်ကန်ခဲ့တဲ့ ကြေးစားတပ်က စစ်လက်နက်တွေ ပြန်အပ်ပြီး ဖြစ်တယ်လို့ ရုရှားပြော

ဇူလိုင် ၊ ၁၃

ပုန်ကန်မှုတခု ကျူးလွန်ခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ဟာ သူတို့ရဲ့ စစ်လက်နက်တွေကို ပြန်လည် အပ်နှံသွားပြီး ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

 ဇွန်လ ၂၃ ရက်က Wagner ကြေးစားတပ်တွေဟာ ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြွေးကြော်ပြီး မော်စကိုမြို့တော်ဆီ ဦးတည် ချီတက်ခဲ့ပါတယ်။ အဲဒီ လက်နက်ကိုင် ပုန်ကန်မှုဟာ ၂၄ နာရီလောက်သာ ကြာမြင့်ခဲ့တဲ့နောက် နှစ်ဖက် ညှိနှိုင်းပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရ အတွက်တော့ နောက်ဆက်တွဲ ဂယက်တွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 ဇူလိုင် ၁၂ ရက်မှာတော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက Wagnerတွေဟာ ညှိနှိုင်းထားတဲ့ သဘောတူညီမှုနဲ့အညီ ရုရှားက ထောက်ပံ့ထားသမျှ စစ်လက်နက်တွေကို ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ဒုံးကျည်တွေ၊ လက်နက်ကြီး အမြောက်တွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တင့်ကားတွေလည်း ပါဝင်ပါတယ်။

 Wagnerတွေဆီက လက်နက် ဖြုတ်သိမ်းခြင်းဟာ ရုရှားအနေနဲ့ နောက်ထပ် ကြုံလာနိုင်တဲ့ ခြိမ်းခြောက်မှု တခုကို ကြိုတင် စနက်တံဖြုတ်ထားတဲ့ သဘော ဖြစ်ပေမယ့်လည်း ယူကရိန်း စစ်ပွဲမှာ Wagnerတွေက ထောက်ပံ့ပေးနေတဲ့ စစ်ဆင်ရေး စွမ်းရည်ကိုတော့ စတေးလိုက်ရမယ့် သဘောပါ။ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Wagnerတွေဟာ ယူကရိန်း စစ်မြေပြင်က အကြမ်းတမ်းဆုံး၊ အခက်ထန်ဆုံး တိုက်ပွဲတွေမှာ ပါဝင် အစွမ်းပြထားခဲ့ပါတယ်။

 ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Wagnerတွေဟာ အကြီးစား စစ်လက်နက် အမျိုးအစားတွေ အပါအဝင် အစိတ်အပိုင်း ၂၀၀၀ ကျော်၊ စစ်လက်နက် ၂၀၀၀၀ ကျော်နဲ့ ခဲယမ်းမီးကျောက် ၂၅၀၀ မက်ထရစ်တန်လောက်ကို ပြန်လည် အပ်နှံပြီး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုတွေအရ ရုရှားဟာ ပုန်ကန်သူ Wagner တပ်ဖွဲ့ဝင်တွေကို အန္တရာယ် မပေးဖို့ သဘောတူခဲ့ပါတယ်။ Wagner အဖွဲ့သားတွေဟာ ရုရှား အမြဲတမ်း စစ်တပ်ထဲ ပြောင်းရွှေ့တာ၊ ဘီလားရုစ်ကို လိုက်သွားပြီး အဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရစ်ဂိုဇင်နဲ့ ပူးပေါင်းတာ၊ နေရပ်ပြန်တာစတဲ့ ရွေးချယ်ခွင့်တွေကို ရရှိမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 တဖက်မှာလည်း ရုရှား အစိုးရက သမ္မတ ဗလာဒီမာ ပူတင်ဟာ ပုန်ကန်မှု အပြီးမှာ Wagner အကြီးအကဲနဲ့ လူချင်းတွေ့ဆုံခဲ့ကြောင်း အတည်ပြုထားတဲ့အတွက် Wagnerတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အနာဂတ် ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ အသုံးဝင်နေဦးမလားဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။