ဇူလိုင် ၊ ၁၃
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ၆ လ အတွင်း ဖမ်းဆီး ရမိထားသူတွေ အနက် ၃၀၀ ကျော် ကို ထောင်ဒဏ် အသီးသီးချလိုက်ပြီးပြီ လို့ ဧရာဝတီ မြန်မာ မူဆလင် ကွန်ရက်ကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လ ၃၀ ရက်နေ့အထိ ဧရာဝတီတိုင်း အတွင်း ကို နယ်မြေ ဖြတ်ကျော် ဝင်ရောက်လာလို့ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား ၄၅၇ ဦး အနက် ၃၂၅ ဦးကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာ တရားရုံးတွေက လဝက မှတ်ပုံ ပုဒ်မ ၆၃ နဲ့ ထောင်ဒဏ်တွေချမှတ်လိုက်တာလို့
သိရပါတယ်။
“အရင် ဒီချုပ် အစိုးရ လက်ထက်က စစ် ဆေးပြီး နေရပ်ပြန်ပို့တယ်။ အခု အာဏာ သိမ်း စစ်ကောင်စီ က ထောင်ချတယ်။ အဖမ်းရတဲ့ သူတွေဆီက သိမ်းယူတဲ့ဖုန်းတို့ ငွေတို့ကို သက်ဆိုင်ရာ ကို မအပ်တာလည်း ရှိတယ်”လို့ မြန်မာ မူဆလင် လူငယ်တစ်ဦးက DNAကိုပြောပါတယ်။
လဝက မှတ်ပုံတင် ပုဒ်မ ၆၃ နဲ့ တရားစွဲဆို ခံရပြီး တချို့ကို ထောင်ဒဏ် ၂ နှစ်စီ တချို့ကိုတော့ ထောင်ဒဏ် ၅ နှစ်စီချကာ ဧရာဝတီတိုင်း အတွင်း က သက်ဆိုင်ရာ ထောင်အသီးသီး မှာထားရှိပြီး အသက်၁၈ နှစ်မပြည့်သေးသူတွေကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်း ရေး သင် တန်းကျောင်းတွေကို ပိုဆောင်ထားတယ်လို့သိရပါတယ်။
နယ်မြေဖြတ်ကျော်လာလို့ ဖမ်းဆီး ထောင် ချ ခံရတဲ့ ရိုဟင်ဂျာတွေဟာရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော စစ်တွေ ကျီးကန်ပြင် စတဲ့ ဒေသ တွေက ကျေးလက်ဒေသနေထိုင်သူ တွေနဲ့ ရခိုင်ပြည်နယ် ဒုက္ခ သည်စခန်းတွေ ကထွက်ခွါ လာသူဖြစ်တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေထံ ကသိရပါတယ်။
တချို့ရိုဟင်ဂျာ တွေကတော့ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ကဖြစ်ပြီး မလေးရှား နိုင်ငံမှာ အလုပ်ဖို့ အလုပ်ပွဲစား တွေက ရေလမ်းကနေ ပို့ဆောင်ပေးတာမှာ မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်း အနီး ဝန်းကျင်တွေမှာ စစ်ကောင်စီ ရေတပ်က ဖမ်းမိတာဖြစ်တယ်လို့ဆိုကြပါတယ်။
အဲလိုရေလမ်းကာသွားလာရာမှာ တချို့ ရိုဟင်ဂျာတွေ စက်လှေနှစ်မြုပ်လို့ သေဆုံးတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့ပါတယ်။
‘’သူတို့တွေ(ရိုဟင်ဂျာ)က ရခိုင်ပြည် နယ် က မြန်မာနိုင်ငံသား တွေ အများစု ပါ ။စားဝတ်နေရေး အတွက် အလုပ် လုပ်ဖို့ မွေး ရပ်မြေ ကိုစွန့်ခွါလာသူပါ။ အဲဒါ ဖမ်းခံရပြီးထောင် ချခံရတယ်။ နိုင်ငံ သား အခွင့်အရေး လူအခွင့်အရေး တွေ ဆုံးရှုံးနေသူတွေပါ” လို့ ဧရာဝတီ မြန်မာ မူဆလင် ကွန်ရက်အဖွဲ့ဝင်တဦးကဆိုပါတယ်။
ဧရာဝတီတိုင်း ဟာ ရခိုင်ပြည်နယ် နဲ့ ရေ လမ်း ကုန်းလမ်း နယ်နမိတ်ခြင်းထိ စပ်နေတာဖြစ်ပြီး ရခိုင်ပြည် နယ် နဲ့ ဘင်္ဂလားဒေ့ နိုင်ငံ က ရိုဟင်ဂျာတွေ က ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံ ၊ ငရုတ်ကောင်း၊ ဟိုင်းကြီး၊ ငပုတော။ ဘိုကလေး ၊မြောင်းမြ ၊ဝါးခယ်မ၊ ရေကြည် ၊ကြံခင်း၊ သာပေါင်း မြို့နယ်တို့ကို မကြာခဏ နယ်မြေဖြတ်ကျော် လာကြတာ ကြောင့် အဖမ်းခံရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဧရာဝတီ တိုင်း အတွင်း ကို နယ်မြေဖြတ်ကျော် ဝင်ရောက်ရှိ လာ တဲ့ ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး ကလေး ၇၀၀ ဝန်းကျင် ကိုစစ်ကောင်စီ ကဖမ်းဆီး ပြီး လဝက ဥပဒေ ပုဒ်မ နဲ့ တရားစွဲကာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ တိုင်းတရားရေး ဦးစီးဌာန အသိုင်း အဝိုင်း ကသိရပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ ၃၀၀၀ ကျော်ရှိနေပြီး အားလုံးကတော့ လူကုန်ကူးခံတာတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာလူကုန်ကူးမှု စောင့်ကြည့်ရေး အစီရင်ခံစာတစ်ခုမှာ လည်း ဖော်ပြထားပါတယ်။