ဇူလိုင် ၊ ၁၃
အသင်းရဲ့ ကစားသမားသစ် မေဆန်မောင့်ရဲ့ ပွဲဦးထွက် ခြေစွမ်းကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးခဲ့ပြီး ပြီးပြည့်စုံတဲ့ ကွင်းလယ် ကစားသမား တယောက်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးကနေ စတာလင်ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ခြေစွမ်းပွဲမှာ ယူနိုက်တက် ဂျာစီကို ပထမဆုံး ကိုယ်စားပြု ကစားသွားခဲ့ပါတယ်။ ကျောနံပါတ် ၇ ဂျာစီ ဝတ်ဆင်ထားတဲ့ မောင့်ဟာ ပထမပိုင်း ၄၅ မိနစ်လုံးလုံး ခြေစွမ်းပြခဲ့သလို အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ရင်း တိုက်စစ်အတွက် မောင်းနှင်ပေးသွားခဲ့ပါတယ်။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်ဂ်က မောင့်အနေနဲ့ ဒီပွဲမှာ သက်တောင့်သက်သာ ကစားနိုင်မယ်လို့ ယုံကြည်ခဲ့ကြောင်း၊ မောင့်ရဲ့ အရည်အသွေးတွေကို သူနဲ့ နည်းပြအဖွဲ့က ကောင်းကောင်း သိထားသလို မောင့်ဟာ အသင်းကို နောက်တဆင့်ဆီ ဆွဲတင်ပေးမယ့် ကစားသမားလို့ ယုံကြည်ကြောင်း၊ မောင့်ဟာ အသင်းအတွက် ဘာတွေ ယူဆောင်လာပေးနိုင်မလဲ ဆိုတာကို အခုပွဲမှာ အားလုံး မြင်ခွင့်ရခဲ့ပြီး သူဟာ ယူနိုက်တက်နဲ့ အံဝင်ခွင်ကျ သင့်တော်လွန်းတဲ့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ တယောက်ဖြစ်ကြောင်း တန်ဟက်ဂ်က ချီးကျူးသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ တခြားအသင်းဖော် အားလုံးနဲ့အတူ လူစားလဲ ထွက်ခွာခဲ့ရပေမယ့် မောင့်က သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ၄၅ မိနစ်အတွက် ကျေနပ်မိကြောင်း ဆိုပါတယ်။ သူတာဝန်ယူခဲ့ရတဲ့ အပိုင်းကို ကျေနပ်ကြောင်း၊ ချဲလ်ဆီးမှာ ကစားနေကျနဲ့ ယှဉ်ရင် သူဟာ နောက်ကို နည်းနည်းဆင်းပြီး အသင်းရဲ့ ကစားကွက် အစပျိုးမှုမှာ ပါဝင် တာဝန်ယူဖို့ မန်နေဂျာက ညွှန်ကြားထားကြောင်း၊ ဒါပေမဲ့ အခွင့်အရေးရရင် တိုက်စစ်ထိ လိုက်သွားပြီး ပြိုင်ဘက် ဂိုးဧရိယာထဲထိ ဝင်ရောက် ခြိမ်းခြောက်ခွင့်လည်း သူ့ကိုပေးထားကြောင်း မောင့်က ဆိုပါတယ်။
ယူနိုက်တက်ဟာ အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ်ဒဟေးယား ထွက်ခွာသွားတဲ့နောက် အစားမထိုးနိုင်သေးဘဲ အခုပွဲမှာ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်နဲ့ လူငယ်အသင်းရဲ့ မာတက်ဂျ် ကိုဗာတို့ကို အသုံးပြုခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက နော်တင်ဟမ် ဖောရက်စ်မှာ အငှားထွက်ကစားရင်း ဒဏ်ရာရခဲ့တဲ့ အင်္ဂလန်သား ဒင်းဟန်ဒါဆန်ကတော့ နာလန်ထလာပြီ ဖြစ်ပေမယ့် ကြံ့ခိုင်မှု တည်ဆောက်နေဆဲ ကာလ ဖြစ်တာကြောင့် အသင်းနဲ့အတူ အော်စလိုကို လိုက်မလာနိုင်ခဲ့ပါဘူး။
ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မီဒီယာတွေက ဂိုးသမား နေရာကို အားဖြည့်ဖို့ အစီအစဉ် ရှိမရှိ မေးတဲ့အခါ တန်ဟက်ဂ်က ဂိုးသမား နေရာဟာ အရမ်းအရေးကြီးတာ သေချာကြောင်း၊ တဖက်မှာလည်း သူ့အနေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေအပေါ် ကျေနပ်မှုရှိကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။