ရေစကြိုမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ရပ်မပေးလို့ပစ်ခတ်တဲ့အတွက် တဦးသေဆုံး၊ တဦးဒဏ်ရာရ

ဇူလိုင် ၊ ၁၂

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ က လမ်းမှာ အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။

“ ကျွန်တော်တို့ကြားတာက ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့ စီးလာရင်းနဲ့ သူတို့လုံခြုံရေးလှည့်ကင်းနဲ့ တွေ့ပြီး လှမ်း တားတာကို မရပ်လို့ ဆိုပြီး သေနတ်နဲ့ လှမ်းပစ်လိုက်တာပဲ။ အဲဒီမြို့ပေါ်က လူတွေပဲ သေနတ်နဲ့ပစ်ခံရတာကလေ၊ လူငယ် ပိုင်းတွေလို့ ပြောတယ်၊ တဦးသေသွားတာတော့ သေချာတယ်၊ နောက်တဦးက ဒဏ်ရာနဲ့ လဲကျနေတာကို တွေ့လိုက်တယ် တဲ့ အမက ပြောပြတာတော့။” လို့ ရေစကြိုဒေသခံတဦးက DNA ကို ပြောပါတယ်။

ရေစကြိုမြို့ပေါ် သုခဝတီရပ်ကွက်မှာ ဇူလိုင်လ ၁၁ ရက် မနက် ၉ နာရီခွဲခန့်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီလှည့်ကင်းတွေနဲ့ လမ်းမှာ ထိပ်တိုက်တွေ့ဆုံပြီး ရပ်တန့်စစ်ဆေးရာမှ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးတာ ကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

သေနတ်ပစ်ခတ်ခံရတဲ့သူ မြို့ခံနှစ်ဦးဟာ အသက် နှစ်ဆယ် ကျော်ဝန်းကျင်အရွယ်ရှိပြီး အဲဒီထဲက တဦးက သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ်ရပ်နေရာမှာပင် ပွဲချင်းသေဆုံးကာ ကျန်တဲ့တဦးကို ဒဏ်ရာပြင်းထန်တာကြောင့် ရေစကြိုဆေးရုံကို ပို့ဆောင် ထားတယ်လို့ ဆိုပါတယ်။

“ မသိဘူးလေနော်၊ သူတို့ပစ်ပြီးပြီးချင်းမှာပဲ ကားနဲ့သယ်သွားတယ်လို့ ပြောတယ်၊ လူငယ်လေးတွေပါပဲ အသက် နှစ်ဆယ် ကျော် လောက်ပဲ ရှိမယ်၊ သေချာတယ် တယောက်က အဲမှာပဲ သေသွားတာ၊ တယောက်ကတော့ ဆေးရုံမှာလို့ ပြောတယ်၊ ဒဏ်ရာ လည်း တော်တော်များတယ်လို့ ပြောတယ်။ ကျည်ဒဏ်ရာတွေကလေ။” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

လက်ရှိမှာလည်း သေနတ်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားတဲ့ လူငယ်တဦးကလည်း ရရှိထားတဲ့ ဒဏ်ရာက ပြင်း ထန်တာကြောင့် ရေစကြိုဆေးရုံမှာ ဆေးကုသနေရင်း သေဆုံးသွားပြီးလို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေ ပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်ပစ်ခံရတဲ့သူနှစ်ဦးရဲ့ မိသားစုဝင်ထံကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက် အသွယ် မရရှိသေးပါဘူး။

ပစ်ခတ်ခံရတဲ့သူနှစ်ဦးက တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝပတ်သက်ခြင်းမရှိဘဲ သူတို့နှစ်ဦးဟာ သာမန်အရပ်သားတွေ ဖြစ်ကြတယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ အဲဒီပစ်သတ်ခံရတဲ့သူနှစ်ဦးက ပြည်သူတွေပါ၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဘာမှ မဆိုင်ဘူး၊ အခု ပစ်တာကလည်း စစ်အုပ်စုလက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်တို့လို့ သိထားတယ်။ တယောက်သေတယ်၊ ကျန်တဲ့ တယောက်ကို သူတို့ဖမ်းခေါ်သွားတယ်လို့ သိရတယ်။နောက်ဆက်တွဲက စုံစမ်းနေတုန်းပဲ။” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီဘက်က ဆိုင်ကယ်နှစ်ယောက်စီးရင် ပစ်ခတ်ဖမ်းဆီးမယ်လို့ စာနဲ့ တရားဝင် ထုတ်ပြန်ထား တာမျိုးမရှိပေမယ့် ရေစကြိုမြို့နယ်၊ပြည်သူ့စစ်ခေါင်းဆောင် မောင်မြင့်ဆိုသူကတော့ ဆိုင်ကယ်နှစ်ယောက်စီးရင် သေနတ်နဲ့  ပစ်ခတ်မယ်လို့ နှုတ်နဲ့ လိုက်လံပြောဆိုတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“ ဒီတောအတွင်းပေါ့နော်၊ မြို့ပေါ်အပါအဝင်ပေါ့နော်၊ ကျွန်တော်တို့ တိုက်ပွဲဖော်ဆောင်မှာဖြစ်တဲ့အတွက် အဲဒီအနားမှာ မနေကြဖို့ဆိုပြီးတော့ ထုတ်ပြန်ပြောဆိုထားတာမျိုးရှိတယ်၊ အဲဒီနောက်ပိုင်းမှာ စစ်အုပ်စုကနေပြီးတော့ စစ်အုပ်စုကနေပြီး ဆိုင်ကယ်နှစ်ယောက်စီးရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာမျိုးရှိတယ်၊ အဲဒါကလည်း ပြည်သူ့စစ်ခေါင်းဆောင် မောင်မြင့်ပဲ၊ အဲမှာ စစ်သားက အဲလောက်ထိမဟုတ်ဘူး၊ ဒီကောင်ပဲ မွှေနေတာ။” လို့ Myingyan Black Tiger(MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီလိုမျိုး ရေစကြိုမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်တင်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်မြို့ပေါ်အပါအဝင် ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးတင်းကြပ်ထားသလို မြို့ပေါ်တွေလည်း လှည့် ကင်းထွက်တာတွေ၊ ကင်းပုန်းဝတ်တာတွေလည်း ပိုမိုလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကနေ ဇူလိုင်လ ၁၂ ရက်အထိ နိုင်ငံတဝှမ်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းကျဆုံးခဲ့ရသူ(၃,၇၈၅)ဦး ရှိပြီးလို့ ထုတ်ပြန်ထားပါတယ်။