စစ်ကောင်စီဖမ်းထားတဲ့ ပေါက်မြို့နယ် ဒေသခံခုနစ်ဦးကို တော်လှန်ရေးအင်အားစုတွေကယ်ထုတ်နိုင်ခဲ့

ဇူလိုင် ၊ ၁၂

မကွေးတိုင်း၊ပေါက်မြို့နယ် တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ  စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံ ခုနစ်ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“ကျွန်တော်တို့အင်အားက အားလုံးပေါင်းရင် ရှစ်ဆယ်ကျော်လောက်ရှိတယ်၊ကယ်ထုတ်တဲ့ချိန်တော်တော်များ များ ပစ်ကြတာပဲ၊ပစ်တဲ့အချိန်မှာ အကာအကွယ်ရှိတဲ့အတွက် ကယ်ထုတ်သူတွေကိုအမြန်ခေါ်အမြန်ထုတ်တာ”လို့ သူ ကပြောပါတယ်။

ပေါက်မြို့နဲ့ ၁၁မိုင်လောက်အကွာ ယောချောင်းအနီးကပျူစောထီးရွာတွေဖြစ်တဲ့ တပ်ကုန်းနဲ့ ရွာသစ်ရွာတွေကို တော်လှန်ရေး အင်အားစုတွေက မနေ့က မနက်အစောပိုင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

စစ်ကောင်စီက ဇွန်လကုန်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုင်းလယ်ရွာခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားငါးဦး စုစုပေါင်း ခုနစ်ဦးကို အဲ့ဒီတိုက်ပွဲအတွင်းပြန်ကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။

ကိုင်းလယ်ရွာဟာ မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရွာသစ်၊တပ်ကုန်းရွာတို့နဲ့ ဘေး ချင်းကပ်ရှိနေတဲ့ရွာဖြစ်ပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ကာကွယ်ရေးတပ်တွေဘက်ကတော့ သုံးဦးဒဏ်ရာရခဲ့ပြီး လက်ရှိမှာဆေးကုသမှုခံယူနေ တယ်လို့ဆိုပါတယ်။

စစ်ကောင်စီကလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်၊လက်နက်ကြီးတွေအသုံးပြုပြီး တိုက် ခိုက်ခဲ့ပါတယ်။တိုက်ပွဲနှစ် ဘက် ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ DNA ကသီးခြားအတည်မပြုနိုင်ပါဘူး။

တပ်ကုန်းရွာနဲ့ ရွာသစ်ရွာဟာ အိမ်ခြေ ခုနှစ်ရာနီးပါးရှိပြီး ပျူနဲ့စစ်ကောင်စီ အင်အား တရာ ကျော်အထိုင်ချတပ် စွဲထားတာကြောင့် တိုက်ခိုက်မှုပြီးနောက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပျူစောထီးစခန်းတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

“တပ်ကုန်းနဲ့ရွာသစ်ဆိုတာက တကယ်တမ်းက အိမ်ဝိုင်းတဝိုင်းတည်းမှာနှစ်အိမ်ရှိသလိုပေါ့ဗျာ၊ရွာနှစ်ရွာအဲ့ရွာက အိမ်ခြေခုနှစ်ရာလောက်ရှိတယ်၊ပျူတွေကလွဲပြီးအဲ့ရွာမှာ ဘယ်သူမှမနေရဲတော့ဘူး၊နှစ်ရွာပေါင်းရင် ပျူတရာ လောက်ရှိတယ်၊သူတို့က ပျူအင်အားအကောင်းဆုံးရွာပဲဗျ “ လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူကပြောပါတယ်။

မနေ့က မနက်အစောပိုင်း ငါးနာရီမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ က အင်အား ၈၀ကျော်နဲ့တပ်ကုန်းရွာနဲ့ရွာသစ်ရွာ တို့ကို စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက် နှစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မနက်ရှစ်နာရီ လောက်မှာတော့  စစ်ကောင်စီက Mi35 ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းကနေပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပေါက်မြို့အခြေစိုတ် ကာကွယ်ရး ပစ္စည်းစက်ရုံ ကပစ ၂၄နဲ့ ပေါက်မြို့ဆေးရုံတွေ အနီးကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အနီးအနားရှိ ကျေးရွာတွေက ကျွဲ၊နွားတိရိစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ဆို ပါတယ်။

မနေ့က တိုက်ပွဲမှာ ပေါက်၊မြိုင်နဲ့ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက် ခဲ့ကြတယ်လို့သိရပါတယ်။