ဇူလိုင် ၊ ၁၂
စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အ ပေါ် စွဲဆိုထောင်ချထားတဲ့ အဂတိအမှု ငါးခုနဲ့ပတ်သက်ပြီး ရာဇဝတ်အယူခံအမှုတွေကို ဒီကနေ့ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချူပ်မှာ နှစ်ဖက်ကြားနားခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
“ ကြားနားတယ်ဆိုတာ ဒီလိုလေ၊ နှစ်ဖက်လက်ခံရေးကို ပထမလျှောက်လဲချက်ပေးကြတယ်။ တဖက်ကိုဆင့်တယ် ဥပဒေချူပ်ရုံးနဲ့ လျှောက်ထားသူရဲ့ရှေ့နေတွေ နှစ်ဖက်လျှောက်လဲချက်ပေးကြတာပေါ့။ နှစ်ဖက်စုံရင် အဲဒါ့က နှစ်ဖက်လျှောက်လဲချက်ကို ကြားနားတာ တဖက်တည်းဆိုရင် ဥပမာအမှုတွဲမှာ ရှေ့နေချူပ်ရုံးကဘယ်သူဆိုတာ ပါမလာသေးရင် အဲဒါ့က လက်ခံရေးကြားနားတာ အခုကတော့ နှစ်ဖက်လျှောက်လဲချက် အဆင့်ရောက်နေပါပြီး “ လို့ တရားရေးနဲ့ နီးစပ်သူ တဦးကပြောပါတယ်။
အဲဒီအမှုတွေနဲ့ ပက်သက်ပြီး စွပ်စွဲသူနဲ့ စွပ်စွဲခံရသူနှစ်ဖက်ရဲ့ အပြန်အလှန်လျှောက်လဲချက်တွေကို ကြားနားဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီကနေ့ ချိန်းဆိုခဲ့တာဖြစ်ပြီး လာမယ့်ရုံးချိန်းတွေမှာ အမိန့်ချမှတ်မှာဖြစ်သလို နှစ်ပတ်ကနေ တစ်လအတွင်းကြာနိုင်တယ်လို့ သိရပါတယ်။
အယူခံအမှုတွေနဲ့ ပက်သက်ပြီး နှစ်ဖက်ကြားနားတဲ့အဆင့်မှာ စွပ်စွဲခံရသူတွေကို ရုံးထုတ်ရန် မလိုတဲ့အတွက် စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်ကိုတော့ တရားခွင်ကိုပို့ဆောင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။
ဒီချုပ် အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့ အီတလီနိုင်ငံထုတ် ရဟတ်ယာဉ်တစီးကို ငှါးရမ်းတာ၊ ဝယ်ယူခဲ့တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်မှုတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုကာ နိုင်ငံ့ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက သူတို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အာဏာသိမ်းပြီးနောက် တရားစွဲဆိုခဲ့တာပါ။
အဲဒီအမှု ငါးမှုအတွက် စစ်အုပ်စုလက်အောက်ခံ တရားရုံးက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ လ ၃၀ ရက်မှာ စုစုပေါင်း ထောင်ဒဏ် ခုနှစ်နှစ်စီ ချမှတ်ခဲ့လို့ အမိန့်တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ အယူခံတက်ရောက်ခဲ့ကြတာပါ။
ဒီလ အစောပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချထားတဲ့ အမှုတခု၊ သမ္မတဦးဝင်းမြင့်ကို ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုနဲ့ ထောင်ချထားတဲ့ အမှုတမှုတို့အတွက် နှစ်ဖက်ကြားနာခဲ့သေးတယ်လို့ သိရပါတယ်။
သမ္မတဦးဝင်းမြင့်ကို အရင်ဝန်ကြီးဟောင်း ဦးမင်းသူနဲ့ ပူးတွဲစွဲဆိုပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတဲ့ ရာဇာသတ်ကြီးပုဒ်မ ၁၃၀ (က)(ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှု) အတွက် ပြင်ဆင်မှုတွေ တက်ခဲ့တာပါ။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာရှောင်တာနယ်လ်ရဲ့ ကွန်ပျူတာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၃ (၁) (ဂ) က နဲ့ စစ်ကောင်စီက တရားစွဲဆိုထောင်သုံးနှစ်ချထားတဲ့ အမှုအတွက် အယူခံတက်ခဲ့တာပါ။
အဲဒီအမှုတွေနဲ့ ပက်သက်တဲ့အမိန့်တွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ဒီလ ၁၈ ရက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ အမှုတွေအပါအဝင် အထူးအယူခံမှု ခြောက်မှုအတွက် နှစ်ဖက်ကြားနာဖို့ ရှိတယ်လို့သိရပါတယ်။