ကရင်နီပြည်နယ်မှာ တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံး

ဇူလိုင်၊ ၁၂
 
ကရင်နီ (ကယား)ပြည်နယ်က စစ်ရှောင်စခန်းတခုနဲ့ လူနေကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဒီကနေ့ ဇူလိုင်လ ၁၂ ရက် မနက်အစောအပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တဦးနဲ့ စစ်ရှောင်အမျိုးသားတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁ နာရီဝန်းကျင်လောက်မှာ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာထဲကို အရင်ဦးဆုံး လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချခဲ့လို့ အဲဒီရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုကြောင့် အသက်ကြီးပိုင်း အမျိုးသားတဦး ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း တဆောင်၊ နေအိမ်နှစ်လုံးနဲ့ ကားတစီးလည်း ဗုံးထိမှန် ပျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။
 
အဲဒီနောက် မနက် ၁ နာရီခွဲလောက်မှာတော့ ကရင်နီ-ထိုင်း နယ်စပ်မှာ ရှိတဲ့ ဒေါနခူး ဒုက္ခသည်စခန်း ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလေးလုံး ထပ်ကြဲခဲ့လို့ အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
” ဗုံးတွေကတော့ စစ်ရှောင်ခန်းထဲ အကုန်လုံးကျလား မကျလားတော့ မပြောတတ်ဘူး။ စစ်ရှောင်စခန်းထဲက ကျောင်းရယ်၊ ဆေးခန်းရယ် နောက်ပြီး စစ်ရှောင်အိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်။ ဆုံးသွားတဲ့ သူရဲ့ အသက်အပိုင်းအခြားကိုတော့ အတိအကျ မပြောနိုင်သေးဘူး ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲမှာရှိတဲ့ အဲဒီ ဒေါနခူး စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ဦးရေ လေးထောင်ကျော်ရှိပြီး အနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်ကလည်း ဖရူဆိုမြို့နယ်ထဲက ကျေးရွာတရွာကို လေကြောင်းကနေ ဗုံးကြဲလို့ လူနေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
 
အလားတူပဲ ဇူလိုင်လ ၄ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အသက် နှစ် နှစ်ကျော် အရွယ်ကလေးငယ်ပါအဝင် မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
 
ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားငါးဦး သေဆုံးခဲ့ရပြီး နောက်ထပ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
 
ဓာတ်ပုံ – CJ