ယင်းမာပင်-ဆားလင်းကြီးနယ်မှာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ

ဇူလိုင်၊ ၁၂
 
အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။
 
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း ပြည်တွင်းမှာ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်း ကဖြစ်ပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ဆားလင်းကြီး နယ်တွေမှာ အခြေစိုက်တဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ နဲ့ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု တို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ အနေနဲ့ ဒီကနေ့မှ (၈၄၂) ရက်မြောက်အဖြစ် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။ ရာသီဥတုအခြေအနေကြောင့် လူအင်အား နည်းပေမယ့် အောင်မြင်စွာ ချီတက်ဆန္ဒပြခဲ့ပြီး လူစုခွဲနိုင်ခဲ့တယ်လို့ အဲ့ဒီသပိတ်ကော်မတီက အသိပေးထားပါတယ်။
 
ဒါ့အပြင် ဒီကနေ့ သပိတ်လှုပ်ရှားမှုမှာ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၅ စက္ကန့်ကြာ လက်ခုပ်တီးဂုဏ်ပြုမှုကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
 
တဆက်တည်းမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းထုတ်ဝေတဲ့ “ လူထုလွတ်မြောက်ရေး ” စာစဉ်ကိုလည်း ဒေသခံတွေကို ဖြန့်ဝေပေးခဲ့ပါသေးတယ်။
 
ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု ကလည်း ဒီကနေ့ နယ်မြေမတည်ငြိမ်တဲ့ကြားက နေ့စဉ်မပျက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – သပိတ်ကော်မတီများ