ဧဝရတ်တောင်နားမှာ ရဟတ်ယာဉ် ပျက်ကျပြီး ခြောက်ဦးသေဆုံး

ဇူလိုင်၊ ၁၂

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် အနီးမှာ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း နီပေါ အစိုးရ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Manang Air လေကြောင်းလိုင်းပိုင် ရဟတ်ယာဉ်ဟာ နီပေါနိုင်ငံသား လေယာဉ်မှူး တက်ခ်နက်သ် ဆီတူလာနဲ့ မက္ကဆီကို နိုင်ငံသား ခရီးသည် ၅ ဦးကို တင်ဆောင်ပြီး ဇူလိုင် ၁၂ ရက်က ဧဝရတ်တောင်ဖက်ကို ပျံသန်း ထွက်ခွာသွားခဲ့တာပါ။ သူတို့ဟာ ဧဝရတ်တောင်နဲ့ အနီးတဝိုက် နှင်းဖုံးတောင်တွေရဲ့ အလှအပကို သွားရောက် ခံစား ကြည့်ရှုခဲ့ကြတာလို့ ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ ဧဝရတ်တောင် တည်ရှိတဲ့ ဆိုလူခွမ်ဘူ ခရိုင်ကနေ ပျံတက်သွားပြီး မြောက်ပိုင်းမှာရှိတဲ့ နှင်းဖုံးတောင်တွေတဝိုက် လှည့်လည် ပျံသန်းပြီးမှ မြို့တော် ခတ္တမန္ဒူဆီ ခရီးဆက်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ၁၀ မိနစ် အကြာမှာ ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ဧဝရတ်တောင်နားမှာ ရဟတ်ယာဉ် အပျက်အစီးတွေကို ရှာတွေ့ခဲ့ပြီး လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

အလောင်း ၆ ခုစလုံးကို ရှာတွေ့ပြီးတဲ့နောက် ဆိုလူခွမ်ဘူမှာရှိတဲ့ ဆေးရုံတခုဆီ ပြန်သယ်ဆောင်လာပြီး အဲဒီကနေတဆင့် ခတ္တမန္ဒူဆီ ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

နီပေါရဲ့ ရာသီဥတုက လေထုမြင်ကွင်းကို လျော့ပါးစေပြီး တောင်ထူထပ်တဲ့ ပထဝီဝင် အနေအထားကြောင့် လေကြောင်း ပျံသန်းမှု ကဏ္ဍမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်စေကြောင်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ဇန်နဝါရီ လတုန်းက နီပေါ အလယ်ပိုင်းမှာရှိတဲ့ ပေါ့ခါရာ မြို့နားမှာ လေယာဉ် ပျက်ကျလို့ လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံငယ်လေးမှာတော့ အဲဒီဖြစ်စဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး လေကြောင်း မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Ref: CNN