တောင်ဥက္ကလာမှာ ကျန်းမာရေးမကောင်းသူတဦး လမ်းဘေးစွန့်ပစ်ခံရပြီးနောက် သေဆုံး

ဇူလိုင်၊ ၁၂
 
ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ် ၁၄/၂ ရပ်ကွက် ဇီဝစိုးလမ်း မှာ အာဟာရပြတ်ပြီး လဲကျနေတဲ့ အမျိုးသားတဦးကို ကူညီကုသပေးဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံမပို့ရသေးခင်မှာဘဲ မနေ့က ညနေပိုင်းက သေဆုံးသွားတယ်လို့ အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် သုံးဆယ်ဝန်းကျင်အရွယ် ရှိပြီး မသေဆုံးမီ တရက်အလိုကမှ အဲ့ဒီနေရာကို ဘေးတွဲဆိုင်ကယ်နဲ့ လာရောက်စွန့်ပစ်သွားတာဖြစ်ကြောင်း ပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ပြောဆိုချက်အရ သိရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ တကိုယ်လုံးက မိုးရေတွေ ရွှဲနေတယ်၊ အေးစက်နေတာပဲ၊ သတိက ရလိုက် မရလိုက်၊ အနားပတ်ဝန်းကျင်က လူတွေကလည်း ကြောက်လို့ ကူညီပေးရဲတဲ့သူ မရှိဘူး ဖြစ်တာ၊ ကူးစက်ရောဂါ ဖြစ်မှာလည်း စိုးတာဖြစ်မယ်၊ ကျွန်တော်တို့ လိုအပ်တာတွေ ပြုစုပေးပြီး ဆေးရုံပို့ဖို့ လုပ်နေတုန်းမှာပဲ သေဆုံးသွားခဲ့ပါတယ် ” လို့ အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက DNA ကိုပြောပါတယ်။
လက်ရှိအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့ အဲ့ဒီအမျိုးသားကို ဇီဝစိုးလမ်း ပေါ် လမ်းဘေးတနေရာမှာ အမည်မသိသူတွေက မြောက်ဒဂုံ ဘက်ကလာတဲ့ ဘေးတွဲဆိုင်ကယ်နဲ့ ဇူလိုင် ၁၀ရက် မနက်ပိုင်းမှာ လာရောက် စွန့်ပစ် သွားခဲ့တာလို့ ဆိုပါတယ်။
စွန့်ပစ်ခဲ့သူတွေဟာ သေဆုံးသူရဲ့ မိသားစုဝင်တွေ ဟုတ်၊ မဟုတ်ဆိုတာ မသိရပါဘူး။ သေဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်း ကိုတော့ တောင်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေကို အကြောင်းကြားကာ သင်္ဃန်းကျွန်း မြို့နယ် ဆေးရုံကြီး ကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ မှာလည်း ဇူလိုင် ၁၀ ရက်ကပဲ အာဟာရပြတ်ပြီး ကျန်းမာရေးချို့တဲ့နေသူ အသက် (၃၉)အရွယ် အမျိုးသမီးတဦးကို သမီးဖြစ်သူက အေးရိပ်ငြိမ်းသုဿန် မှာ လာရောက်စွန့်ပစ်သွားတာကြောင့် မြို့ခံလူမှုကယ်ဆယ်ရေး အဖွဲ့တွေက သွားရောက်ကူညီကာ မေတ္တာရိပ် ဘိုးဘွားရိပ်သာ ကို ပို့ပေးခဲ့ရတဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media