သိုင်းငင်း စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စု ၁၅ ဦးသေဆုံး၊ လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးအဖွဲ့က လေးဦးကျဆုံး

ဇူလိုင်၊ ၁၂
 
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်း ဒေသအတွင်းရှိ စစ်အုပ်စုရဲ့ သိုင်းငင်းစခန်းကို မနေ့က မနက်ပိုင်းက ချင်းတော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဖက်မှာ ၁၅ ဦးသေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ် (CDF)-CDM စီးယင်း အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။
 
” အဲဒီစခန်းထဲကို ရောက်တဲ့နေရာအထိပေါ့နော်၊ အားလုံး ၁၅ လောင်းလောက် တွေ့ခဲ့တယ်၊ အဲဒီလူတွေရဲ့လက်နက်တွေ ပြန်ယူပြီး အထွက်မှာ လေယာဉ်ပစ်ကူကြောင့် ကျနော်တို့ရဲဘော် လေးယောက်ကျသွားတယ်။ လက်နက်တွေလည်း ပြန်ပါသွားတယ်ပေါ့နော် ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
စစ်အုပ်စုရဲ့ လေကြောင်းပစ်ကူကြောင့် တိုက်ပွဲအတွင်းမှာ ချင်းကာကွယ်ရေးတပ် (CDF)-CDM စီးယင်းအဖွဲ့က ရဲဘော်တဦး၊ PDF ဇိုးလန်က ရဲဘော်တဦး၊ ကလေး PDF မှ ရဲဘော်တဦးနဲ့ KKG B7 မှ ရဲဘော်တဦး စုစုပေါင်း လေးဦး ကျဆုံးခဲ့ပါတယ်။
 
“ လွတ်လာတဲ့ သူတွေရလာတဲ့ MA သေနတ်တလက်၊ ၄၀ မမ ဗုံးအလုံး သုံးဆယ် နဲ့ ကျည်အတောင့်ခြောက်ရာနီးပါး လောက်ပဲ ထုတ်ခဲ့နိုင်တယ်။ သူတို့ဖက်က အခြေနေ လုံးဝမကောင်းတော့ မြေပြင်ကူညီတွေ တောင်းတယ်၊ မရတော့ လေကြောင်းစစ်ကူ တောင်းလို့ အခုလို ကမောက်ကမာတွေ ဖြစ်ကုန်တာပါ “ လို့ သူကဆိုပါတယ်။
 
အဲဒီစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစု (CDF CDM SIYIN ၊ ဇိုလန်း PDF + B5 ME၊ CNDF၊ TCDF၊ KKG B7၊ PDA) နဲ့ ကလေး PDF S2 အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က မနက် ၅ နာရီခွဲလောက်ကစပြီး နေ့ခင်း ၁၂ နာရီအထိ ခြောက်နာရီကြာ တိုက်ခိုက်ခဲ့ကြတာပါ။
 
သိုင်းငင်းစခန်းတွင် ရဲနဲ့ စစ်သား အင်အား လေးဆယ်မှ ခြောက်ဆယ် နီးပါးအထိ ရှိပြီး တိုက်ပွဲမှာ စစ်အုပ်စုက လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့သလို လက်ရှိမှာ စစ်အုပ်စုက စခန်းအတွင်း ကတုတ်ကျင်းတွေထဲမှာ ရှိနေသေးတယ်လို့ သူကဆိုပါတယ်။
 
“ လေယာဉ်က သုံးခေါက်လာတယ် ပထမအကြိမ်မှာ ဗုံး နှစ်လုံးကြဲတယ်။ ဒုတိယအကြိမ်မှာ ဗုံးသီး လေးလုံးကြဲတယ်။ နောက်ဆုံးအခေါက်ကျတော့ ပတ်ပျံပြီးတော့ စက်လက်နဲ့ ပစ်သွားတယ် “ လို့ (CDF)-CDM စီးယင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ချင်းကာကွယ်ရေးတပ်ပေါင်းစုက သိုင်းငင်းစခန်းကို စခန်းသိမ်းတိုက်ပွဲ အဖြစ် ရည်ရွယ်တိုက်ခိုက်ခဲ့ပေမယ့် ကျည်မလုံလောက်တဲ့ ပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခက်အခဲတွေရှိခဲ့တယ်လို့ သူကဆိုပါတယ်။
 
“ ကျနော်တို့ကတော့ စခန်းသိမ်းဖို့ အစီအစဉ်စွဲခဲ့တာပေါ့၊ ဒါပေမယ့် စခန်းထဲရောက်ချိန် ကျည်ပြတ်သွားလို့ ပြန်ဆုတ်ခဲ့ရတယ်။ ကျည်မလောက်တော့ ကျနော်တို့ အခက်အခဲတွေ ရှိတာပေါ့နော်၊ တကယ်ဆို ကျနော်တို့က သူတို့စခန်း အတွင်းထဲအထိကို ဝင်ရောက်နိုင်ခဲ့ပါတယ် “ လို့ သူကဆိုပါတယ်။
 
လက်ရှိတိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာက ဒေသခံတွေကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကတည်းက စစ်အုပ်စုနဲ့ ဝေးရာကို ရှောင်ရှားကြဖို့ ကြိုတင်သတိပေးခဲ့တာတွေ လုပ်ဆောင်ထားတဲ့အတွက် အရပ်သားထိခိုက်မှုတွေ မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။
 
သိုင်းငင်းကျေးရွာ ဒေသခံတွေကို စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီးနောက် ဒေသခံတွေကို တိမ်းရှောင်ကြဖို့ (CDF)-CDM စီးယင်း က အသိပေးခဲ့တာပါ။
 
“ ကျနော်တို့ ကျသွားတဲ့ ရဲဘော်တွေက သူတို့ စခန်းထဲမှာပဲ ဖြစ်နေတော့ သူတို့ကလည်း ဘန်ကာထဲကနေ လုံးဝမထွက်ရဲသေးဘူးပေါ့နော်။ ငါတို့ကို အပြင်ကနေ စောင့်နေသေးတယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေသေးတယ်။ ကျသွားတဲ့ ရဲဘော်တွေကို ပြန်ရဖို့ ဒေသခံတွေက တဆင့်တောင်းထားတယ်။ သူတို့ကလည်း မပုပ်မသိုးခင် ပြန်ပေးမယ်လို့ ပြောထားတယ် “ လို့ သူကဆိုပါတယ်။
 
သိုင်းငင်းကျေးရွာက ကလေး-ဖလမ်း-ဟားခါးလမ်း နှင့် တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသလို ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်မှာ တည်ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ ကျတဲ့ရဲဘော်တွေဟာ လခစားတွေ မပါဘူး။ ဖုန်းဘေတောင် ထည့်ပေးတာမဟုတ်ဘူး။ မိဘတွေကလည်း PDF ထဲဝင်ဆိုပြီး အတင်းတိုက်တွန်း ထည့်ခဲ့တဲ့သူတွေ မပါဘူး။ ကျနော်တို့ အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့နဲ့ နောက်မျိုးဆက်တွေလည်း လွတ်မြောက်ဖို့ ကျနော်တို့ အသက်ပေး လုပ်နေကြတာ ဖြစ်တယ်။ ဆက်လက်ပြီး ပြည်သူတွေက ထောက်ပံ့ပေးပါ ကူညီပေးပါ ဆုတောင်းပေးပါလို့ ပြောချင်တယ် “ လို့ (CDF)-CDM စီးယင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – CDF CDM Siyin