ထိုင်း-မြန်မာ နယ်စပ်က တရားမဝင် call-centerတွေကို ဖြိုခွင်းဖို့ အင်တာနက် ဖြတ်တောက်မယ်လို့ ထိုင်းရဲတပ်ဖွဲ့ပြော

ဇူလိုင်၊ ၁၂

ထိုင်း-မြန်မာ နယ်စပ်မှာ call centerတွေ ဖွင့်လှစ်ပြီး ငွေကြေး လိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို ဖြိုခွင်းဖို့အတွက် အဲဒီဒေသတွေမှာ အင်တာနက် ထောက်ပံ့မှုတွေကို ရပ်ဆိုင်းမယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ဆူရာချာတီ ဟက်ခ်ပန်းက ရဲတပ်ဖွဲ့ဟာ အမျိုးသား ဆက်သွယ်ရေးနဲ့ ထုတ်လွှင့်ရေး ကော်မရှင် (NBTC)နဲ့ ပူးပေါင်းပြီး call center အခြေပြု လိမ်လည်မှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ စီစဉ်နေတယ်လို့ ဇူလိုင် ၁၁ ရက်မှာ ကြေညာသွားပါတယ်။ မြန်မာဖက်ခြမ်း နယ်စပ်မှာ လုပ်ငန်း လည်ပတ်နေတဲ့ call centerတွေမှာ ဝန်ထမ်းတွေကို လိမ်လည်လှည့်ဖျား ခေါ်ယူပြီး ကျေးကျွန်စနစ်သာသာ အခြေအနေမျိုးတွေနဲ့ ခိုင်းစေနေတယ်လို့လည်း ဆူရာချာတီက ပြောပါတယ်။

အဲဒီ call centerတွေရဲ့ စက်ကွင်းမှာ ကျရောက်ပြီး ငွေကြေးလိမ်လည် ခံလိုက်ရတဲ့ ထိုင်းနိုင်ငံသား တော်တော်များများလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ ငွေကြေးလိမ်လည်တဲ့ call centerတွေကို တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေက စီမံခန့်ခွဲနေတယ်လို့ ယုံကြည်ရပါတယ်။

Call center အများစုဟာ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ထားပြီး အခုတော့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကိုပါ ချိတ်ဆက်ပြီး အဲဒီ လုပ်ငန်းတွေကို ဖြိုခွင်းဖို့ ကြိုးစားနေတယ်လို့ ဆူရာချာတီက ဆိုပါတယ်။ 

တရားမဝင် call centerတွေနဲ့ တရုတ်ပိုင် ကာစီနို လုပ်ငန်းတချို့ဟာ လုပ်ငန်း လည်ပတ်ဖို့အတွက် ထိုင်းက ထောက်ပံ့တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ကွန်ရက်တွေကို အကြီးအကျယ် မှီခိုထားရပါတယ်။ မြန်မာဖက်ခြမ်းနဲ့ နယ်နိမိတ် ထိစပ်နေရာ ထိုင်းပြည်နယ်ဖြစ်တဲ့ တက်ခ်မှာ အင်တာနက် အထောက်အပံ့ တာဝါတိုင် ၁၇၃ ခုထိ ရှိနေပြီး မဲရာမတ်၊ မဲဆောက်နဲ့ ဖော့ဖရား ဒေသတွေကိုပါ လွှမ်းခြုံပေးထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တရားမဝင် call centerတွေ ဖွင့်လှစ်ပြီး လိမ်လည်မှုတွေ ကျူးလွန်နေသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် ဖမ်းဆီးဖို့အတွက် ဒေသခံ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

 

Ref: The Nation