အစ္စရေး တောင်ပံတိုက်စစ်သမား ဆိုလိုမန်ကို တော့တင်ဟမ် ဟော့စပါး ခေါ်ယူ

ဇူလိုင်၊ ၁၂

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ယူကရိန်း ကလပ် ရှက်ခ်တာဒိုးနက်စ်ခ်ရဲ့ တောင်ပံ တိုက်စစ်မှူး မေနာ ဆိုလိုမန်ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အစ္စရေးသားဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် တခြား လန်ဒန်အခြေစိုက် ကလပ်အသင်း တခုဖြစ်တဲ့ ဖူလ်ဟမ်မှာ အငှားလာရောက် ကစားနေခဲ့ပါတယ်။ သူဟာ ဖူလ်ဟမ်မှာ ၂၄ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းနဲ့ အလားအလာကို သဘောကျတာကြောင့် တော့တင်ဟမ်က မိခင်ကလပ် ရှက်ခ်တာဆီ ဆက်သွယ်ပြီး ကမ်းလှမ်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ အခုနွေရာသီမှာ တောင်ပံလူ ဒီဂျန် ကူလူဆက်ဗ်စကီး၊ ဂိုးသမား ဂူလိုင်မို ဗစ်ကာရီယိုနဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့နောက် အခုနွေရာသီမှာ အသင်းကို အပြောင်းအလဲ ကြီးကြီးမားမား ပြင်ဆင်ဖွဲ့စည်းဖို့ ကြိုးစားနေပါတယ်။

ဆိုလိုမန်ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ တော့တင်ဟမ်ရော၊ ရှက်ခ်တာကပါ အတိအကျ မထုတ်ပြန်ပါဘူး။ ဆိုလိုမန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်း အခြေစိုက် ပြည်ပ ဘောလုံးသမားတွေရဲ့ စာချုပ်ကို ယာယီ ဆိုင်းငံ့စေတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ စည်းမျဉ်းအရ ဖူလ်ဟမ်ဆီ အငှားပြောင်းရွှေ့ခဲ့တာပါ။ အခုတော့ သူဟာ အင်္ဂလန် ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားတဦး ပီပီပြင်ပြင် ဖြစ်လာခဲ့ပါပြီ။

ဆိုလိုမန်ဟာ အစ္စရေး လက်ရွေးစင် အသင်းမှာလည်း ၂၀၁၈ ကတည်းက ပွဲထွက်ခဲ့ပြီး ၃၅ ပွဲကစား၊ ၇ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

 

Ref: BBC