ပြည်မြို့မှာ နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးအမျိုးသမီးတဦး ကိုဗစ်ရောဂါနဲ့ သေဆုံး

ဇူလိုင် ၊ ၁၁

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့ ဆေးရုံကြီး ကိုဗစ်ရောဂါပိုးအထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရတဲ့ သက်ကြီးအမျိုးသမီးတဦးဒီကနေ့ ညပိုင်းမှာသေဆုံးသွားတယ်လို့ မြို့ခံပရဟိတအသင်းဆီကသိရပါတယ်။

ပြည်မြို့ မြကန်သာ(အရှေ့)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၇၀အရွယ် ဒေါ်သန်းအေး ဟာ လူကြီးရောဂါနဲ့ ဆေးရုံ တက်ကုသမှုခံယူရင်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင့် စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးနောက် ကိုဗစ်ရောဂါပိုးအထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ကုသပေးနေ ပေမယ့် ဒီကနေ့ညပိုင်းမှာ သေဆုံးသွားတာလို့ ပြည်မြို့ ခေတ္တရာလူငယ်များ သာရေး၊နာရေးကူညီမှုအသင်း အဖွဲ့ ဝင်တဦးက DNA ကိုပြောပါတယ်၊

“ဆေးရုံကြီးက ဆက်သွယ်အကူအညီတောင်းလို့ လိုအပ်တာတွေအကုန်သွားရောက်လုပ်ဆောင် ကူညီပေးခဲ့တာပါ၊ ကိုဗစ်ရောဂါပိုးက အရှင်းပျောက်သွားတာ မရှိသေးတဲ့အတွက် ကျန်းမာရေးက ထုတ်ပြန်ကြေညာချက်တွေကို ဆောင်ရွက်စေချင်တယ်”လို့ သူကပြောပါတယ်။

ပြည်မြို့မှာ အခုနှစ်ဝက်အတွင်း ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ရှစ်ဦးထက် မနည်းရှိပြီလို့ မြို့ခံ လူမှု ကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။