ဇူလိုင်၊ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်တဦးအပါအဝင် လူပုဂ္ဂိုလ်လေးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ကမ်းနီးတိုးဂိတ်အနားမှာ ဖမ်းဆီးခံရတာပဲ၊ သိရတာပေါ့၊ ဘယ်သူဘယ်အဖွဲ့က ဖမ်းသွားလဲ မသိဘူး၊ သူနဲ့ သူ့ဝန်ထမ်းတွေ၊ သူ့မိတ်ဆွေတွေလို့ ပြောတာပဲ။ ဖမ်းခံရတဲ့သူတွေကလေ။” လို့ ကျိုက်ထိုမြို့ခံတဦးက DNA ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ ကျိုက်ထိုမြို့နယ်က စံအိမ်တော်တည်းခိုခန်းနဲ့ NASA စားသောက်ဆိုင်ရှင် ဦးပြည့်စုံဟိန်းနဲ့အတူ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ ဖြစ်ကြတယ်လို့ လည်း ဒေသခံတွေက ဆိုကြပါတယ်။
သူတို့လေးဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းမှာ မုပ္ပလင်လမ်းဆုံဘက်ကနေ သိမ်ဇရပ်မြို့ဘက်ကို အိမ်စီးကားနဲ့ မောင်းနှင်လာစဉ် ရန်ကုန်-မော်လမြိုင်သွားကားလမ်းမဟောင်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီတိုးဂိတ်အနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“ စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ အားလုံးနဲ့ ပေါင်းတာပေါ့နော်၊ စစ်တပ်ကိုလည်း ပေါင်းတာပေါ့၊ အဲလိုမျိုးတော့ ရှိတယ်၊ ဘာလို့ ဖမ်းခံရတာတော့ မသိဘူးပေါ့ဗျာ၊ တချို့ကပြောတာတော့ PDF ၊ KNLA ဆိုပြီး ပြောတာပေါ့။ နောက်ပြီး ကြားတာက သူက အဲလိုမျိုး စစ်တပ်နဲ့ ပေါင်းလုပ်နေလို့ပဲ တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးခံထားရတာမျိုး ရှိတယ်လို့ ကြားတယ်။ ကိုယ်လည်း မသိတော့ အတည် တကျတော့ မပြောချင်ပါဘူး၊ တဖက်လူလည်း နစ်နာသွားမှာစိုးတယ်။” လို့ အဲဒီမြို့ခံက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဦးပြည့်စုံဟိန်းဟာ စစ်ကောင်စီတပ်အကြီးပိုင်းအရာရှိတွေနဲ့ ဌာနဆိုင်ရာအကြီးအကဲ တချို့နဲ့ နီးကပ်တဲ့ ဆက်ဆံမှု ရှိပြီး အတူတကွ သွားလာတာမျိုးလည်း ရှိသလို အဲနောက်ပိုင်းမှာလည်း ဒေသခံတွေအကြားမှာ ဩဇာသက်ရောက်မှုရှိလာတယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင် ခြင်းမရှိပါဘူး။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဦးပြည့်စုံဟိန်းအပါအဝင် လေးဦးကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နဲ့PDF ပူးပေါင်းတပ်ဖွဲ့ဘက် ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ထားပါတယ်။
ဦးပြည့်စုံဟိန်းက အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိလာပြီး တချို့တော်လှန်ရေးအင်အာစုနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းပေးတာမျိုးရှိပေမယ့် ယခုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မသိသေးဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
“အဲဒီလူက ကျွန်တော်တို့နဲ့လည်း ရင်းနှီးတဲ့သူတွေပါပဲ၊ ဒီအာဏာသိမ်းပြီးနောက်ပိုင်းတော့ အသံလေးတွေ ထွက်လာတာတော့ ရှိတယ်၊ ထောက်ပို့ဖမ်းခိုင်းတဲ့ကိစ္စတွေက အစပေါ့နော်။ နောက်ပြီး သူမွေးထားတဲ့သူတွေရှိတယ်၊ တော်လှန်ရေးမှာ ပါနေတဲ့သတင်းတွေ လိုက်မေးဖို့အတွက် အဲလူတွေတောင် ကျွန်တော်ဆီမှာ အမည်ရှိတယ်။ ဒီလိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စက ဟုတ်၊ မဟုတ်ဆိုတာ ကျွန်တော်ဆီလည်း သတင်းမရောက်သေးဘူးပေါ့နော်၊ အခု ခရီးလည်း ထွက်နေတော့လေ သေချာမသိသေးဘူး၊” လို့ ပြောပါတယ်။
ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ဖမ်းဆီးထားတာမျိုးရှိခဲ့ရင် စစ်ဆေးမှုတွေ ပြုလုပ်ပြီးပါက အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ လည်း ကိုအေးမင်းထွန်းကဆက်လက်ပြောကြားပါတယ်။
လက်ရှိမှာလည်း သူတို့လေးဦးကို ဘယ်အဖွဲ့က ဖမ်းဆီးခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
ကျိုက်ထိုမြို့နယ်မှာဆိုရင် အမျိုးသားညီညွတ်ရေး NUGနဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွယ်သူတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ ရှိနေသလို စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခေါ်ယူ သတိပေးတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာလည်း NUG နဲ့ PDF တွေကို ထောက်ပံ့မှုတွေ ပြုလုပ်နေတယ်ဟုဆိုကာ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာဖို့အတွက် စစ်ကောင်စီထံကို ငွေကျပ်သိန်းပေါင်းရာနဲ့ချီပေးဆောင်ခဲ့ရတယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
အဲဒီလိုဖမ်းဆီးခံရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ တချို့က NUG နဲ့ PDF နဲ့ပတ်သက်ဆက်နွယ်မှု မရှိသော်လည်း စစ်ကောင်စီဘက်က ငွေကြေးထောက်ပံ့နေတယ်ဟုဆိုကာ အမှုဆင်ပြီး ဖမ်းဆီးငွေညှစ်ခံခဲ့ရသူများလည်း ရှိတယ်လို့ ဆိုပါတယ်။
Photo-Social Media