ကလေးမြို့ အနောက်ပိုင်းမှာ လက်နက်ကြီးမှန်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၁
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ ကျောင်းအနီးကို ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးတဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
“ လမ်းထောင့်က အိမ်ကို တိုက်ရိုက်မှန်တာ၊ အိမ်ထဲက မောင်နှမနှစ်ယောက် အစ်မဖြစ်သူက လည်ပင်းမှန်ပြီး သေတယ်၊ မောင်ဖြစ်သူလည်း ဒဏ်ရာပြင်းတယ်၊ ရင်ဘတ်ကို မှန်တာ၊ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ လောလောဆယ်သိရတယ်ဗျ ” လို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီလို လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ဟာ မြို့တဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ ဒီကနေ့ မနက် ခုနစ်နာရီလောက်ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ သူတို့က ပြောကြပါတယ်။
စစ်ကောင်စီက ပစ်ခတ်တဲ့ နောက်ထပ်လက်နက်ကြီးကျည် တခုဟာလည်း ကလေးမြို့ တာဟန်းစျေး အနီးက ထမင်းဆိုင်တဆိုင်ရှေ့ကို ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့မြို့အနောက်ပိုင်းက ဗမာဆိုရိုးစကားတခုလို သွားသတိ၊ လာသတိ ဆိုတာမျိုး ဖြစ်နေတာ ကြာပါပြီ၊ ဒီနေ့ ဖြစ်ပျက်တော့ ဆိုင်တချို့လည်း ပိတ်ကြတယ်၊ လူသွားလူလာ တအားနည်းသွားတယ် ” လို့ ကလေးမြို့ အနောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံ ချင်းလူမျိုးတဦးက ပြောပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ၊ ဇွန် လပိုင်းတွေမှာ ကလေးမြို့စွန်ရပ်ကွက်တွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒေသခံရှစ်ဦးအထိ သေဆုံးခဲ့ပြီး သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိဇူလိုင်လဆန်းပိုင်းမှာတော့ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေ အနည်းငယ်လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးတာဟာ ဒီလအတွင်း ပထမဆုံး သေဆုံးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
 
စစ်အာဏာသိမ်းပြီးကတည်းက ကလေးမြို့အနောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိပြီး စစ်ကောင်စီအဖွဲ့ဝင်တွေ သေဆုံးတာအပြင် လက်နက်တွေပါ သိမ်းဆည်းခံလိုက်ရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီဖြစ်စဥ်တွေကြောင့်လည်း ကလေးမြို့ပေါ်စစ်တပ်က ကလေးမြို့အနောက်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ​ – Google
ပုံစာ – လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)