မက်ဆီကို ကြိုဆိုတဲ့ နံရံ ပန်းချီကားချပ်ကြီးကို ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ဘက်ဟမ်း

ဇူလိုင်၊ ၁၁

အသင်းရဲ့ ကစားသမားသစ် လီယွန်နယ် မက်ဆီကို ဂုဏ်ပြု ကြိုဆိုတဲ့ နံရံဆေးရေး ပန်းချီကြီး ရေးဆွဲရာမှာ အင်တာမိုင်ယာမီ ဘောလုံးကလပ်ရဲ့ ပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းက ကာယကံမြောက် ပါဝင် လက်စွမ်းပြခဲ့ပါတယ်။

အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းက ဖလော်ရီဒါ ပြည်နယ်ကို ရောက်လာမယ့် အာဂျင်တီးနား တိုက်စစ်မှူးကို ကြိုဆိုကြောင်း ဂုဏ်ပြု ရေးဆွဲထားတဲ့ ပန်းချီကားကြီးမှာ ဘက်ဟမ်းကပါ ပါဝင် ကူညီ ဆေးခြယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမား တဦးအဖြစ် ထည်ထည်ဝါဝါ ရပ်တည်ပြခဲ့ဖူးတဲ့ မက်ဆီက အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့လာမယ့် ကိစ္စကို ဘက်ဟမ်းက အထူးဂုဏ်ယူနေပါတယ်။ 

မက်ဆီဟာ ဆော်ဒီ ဘောလုံးကလပ်တွေဆီက များပြားလှတဲ့ လုပ်ခလစာတွေနဲ့ ချဉ်းကပ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အမေရိကန်မြေကို ခြေချခဲ့တာ ဖြစ်ပါတယ်။ မေဂျာလိဂ်မှာ သူဟာ ဆော်ဒီပရိုလိဂ်လောက် လုပ်ခလစာ မရနိုင်ပေမယ့်လည်း Apple TVကနေ ထုတ်လွှင့်မယ့် မေဂျာလိဂ် ပြိုင်ပွဲတွေဆီက အမြတ်အစွန်း ရှယ်ယာတွေ၊ Adidas ကုမ္ပဏီက ခွဲပေးမယ့် အမြတ်အစွန်းတွေကို ရရှိခံစားနိုင်မယ်လို့ ဆိုပါတယ်။ အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ အင်တာ မိုင်ယာမီနဲ့ ၂ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ် ရေးထိုးထားပါတယ်။

ဇူလိုင် ၉ ရက်မှာတော့ ဘက်ဟမ်းရဲ့ ဇနီးဖြစ်သူ Popဂီတ အဆိုတော်ဟောင်းနဲ့ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ဟမ်းက မိုင်ယာမီမှာရှိတဲ့ အဆောက်အအုံကြီး တခုရဲ့ နံရံမှာ မက်ဆီရဲ့ပုံကို စိတ်ပါလက်ပါ ကူညီရေးဆွဲနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံကို Instagramမှာ တင်ထားခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်းဟာ အတတ်မြန်တဲ့ အနုပညာရှင် တဦးဆိုတာ လက်တွေ့ပြလိုက်ပြီလို့လည်း ဗစ်တိုးရီးယားက ကျီစယ်ထားပါသေးတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးသလို မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့လို ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းတွေအပြင် အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အန်ဂျလိစ် ဂလက်ဆီမှာပါ ကစားခဲ့ဖူးတဲ့ ဘက်ဟမ်းက သူ့အသင်းမှာ မက်ဆီလာရောက် ခြေစွမ်းပြ ကစားတာကို မြင်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပြီလို့ ပြောကြားထားဖူးပါတယ်။

 

Ref: Mirror