ဘီးလင်းမှာ အခြေခံပညာကျောင်း နှစ်ဆယ်ကျော်လောက်ပိတ်ဖို့ စစ်ကောင်စီက စာရင်းကောက်နေ

 

ဇူလိုင်၊ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက အခြေခံပညာကျောင်းငါးဆယ်ကျော် ပိတ်ထားရပြီး စစ်ကောင်စီက ကျောင်းနှစ်ဆယ်ကျော်ထပ်မံ ပိတ်ဖို့ စာရင်းတွေ လိုက်လံကောက်ယူနေ တယ်လို့ ပညာရေးအသိုင်းနဲ့ ကျောင်းသားမိဘတွေထံမှ သိရပါတယ်။

“ ဟို KNU ၊PDF ဘက်က သတိပေးတာလည်းပါတယ်ပေါ့နော်၊ အဲဒါတာဝန်ရှိသူတွေက ကျောင်းသားမိဘတွေကို‌ ခေါ်ပြီး အသိပေးတာတွေ လုပ်နေတာပေါ့၊ ပိတ်ရတဲ့အကြောင်းကို ရှင်းပြတာပေါ့နော်။” လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာဆိုရင် အခြေခံပညာကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၁၄၉ ကျောင်းထဲကနေ နောက်ထပ်ကျောင်းပေါင်း နှစ်ဆယ်ကျော်ကို ပိတ်ဖို့ စီစဉ်နေပေမယ့် လက်ရှိ စာရင်းကောက်ယူနေတဲ့ အခြေအနေသာ ရှိသေးတယ်လို့ ဆိုပါတယ်။

“ ကလေးတွေအတွက်က အရမ်းကို အဆင်မပြေဘူးပေါ့နော်၊ ကျောင်းမတက်ရတာဆို ၃ နှစ်လောက်ရှိပြီး၊ စာတွေကိုလည်း သိမ့်ပြီး စိတ်မဝင်စားတော့ဘူး၊ အခုလည်း စစ်ကြောင့် ထပ်ပိတ်ခံရတာဆိုတော့၊ ကလေးတွေက အခုဆို စာတွေကို စိတ်မဝင်စားတော့ဘူး၊ ကျွန်မတို့က မသိဘူး၊ သူတို့ပိတ်ရင် မတက်ရဘူးပေါ့၊ ” လို့ ဘီးလင်းမြို့နယ်မှ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ဒီလိုမျိုးအခြေခံပညာကျောင်းတချို့ကို ပိတ်သိမ်းရတာဟာ ကရင်အမျိုးသားအစည်းအရုံးKNU နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ သတိပေးချက်ကြောင့်အပြင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကျေးရွာတွေဘက်က စာသင်ကျောင်းတွေ၊ မြို့နဲ့အလှမ်းဝေးတဲ့ ကျောင်းတွေကို ပိတ်သိမ်းဖို့ စီစဉ်ထားတာဖြစ်တယ် လို့ ဆိုပါတယ်။

“ သူတို့ရဲ့ စာထဲမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ အမြန်ဆုံးထွက်ခွာဖို့ပဲ၊ ပြီးတော့ ကျောင်းမဖွင့်နဲ့လို့လည်း ရေးထားတာ မဟုတ်ဘူး၊ အဓိက ဝန်ထမ်းတွေ ထွက်ခွာဖို့ ပြောတာကို ဒီက ကျောင်းဆရာ/ဆရာမတွေက အန္တရာယ်ရှိလာနိုင်လို့ ကျောင်းဆက်ဖွင့်ဖို့ ပိတ်ထားလိုက်ဖို့က လုပ်နေကြတာပါ။” လို့ အဲဒီပညာရေးမှူးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးKNUနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အဲဒီလိုစာထုတ်၊ မထုတ်နဲ့ပတ်သတ်ပြီး တရားဝင်စာရွက်စာတမ်းနဲ့ ထွက်လာတာကိုတော့ DNA သတင်းဌာနအနေနဲ့ မတွေ့ရပါဘူး။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွင်းမှာပဲ ဘီးလင်းမြို့နယ်မှာ မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားရတဲ့ အခြေခံပညာကျောင်းပေါင်း ၅၃ ကျောင်း ရှိနေပြီး တချို့ကျောင်းတွေက ပညာသင်နှစ်အစမှာပဲ ခေတ္တဖွင့်ပြီး ပြန်လည် ပိတ်လိုက်ရတဲ့ အခြေအ‌နေမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒီဘက်မှာကလေ၊ တောအရမ်းကျတဲ့ရွာတွေအများကြီးရှိတယ်၊ နောက်ပြီးရွာက ကျောင်းသားဦးရေကလည်း နည်းပါးတယ်၊ မူလတန်းကျောင်းတခုမှ အများဆုံးရှိ ငါးဆယ် ၊ ခြောက်ဆယ် လောက်ပဲ။ မြို့ပေါ်ကတော့ များတယ်ပေါ့နော်။ အဲဒီဘက်မှာဆိုရင် အခုက KNU ဘက်က ထိန်းချုပ်ထားတဲ့ ဒေသတွေများတော့လေ၊ အဲဒါကြောင့်လည်း မဖွင့်နိုင်တာလည်း ပါတယ်ပေါ့နော်။ တချို့ကျတော့လည်း လုံခြုံရေးအခြေအနေ တွေကြောင့် ဆက်မဖွင့်တာမျိုးလည်းပါမယ်၊ နောက်ပြီး ကျောင်းဆရာ/ဆရာမ လုံလောက်မှုမရှိလို့လည်း ပါတယ်ပေါ့နော်။” လို့ ဘီးလင်းမြို့နယ်မှ CDM ကျောင်းဆရာမတဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာ အစိုးရအခြေခံပညာကျောင်းတွေ ပိတ်သိမ်းနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး KNU သထုံခရိုင် အုပ်ချုပ်ရေး အပိုင်းမှ ဥက္ကဌဖြစ်သူနဲ့ အတွင်းရေးမှူးဖြစ်သူတို့နှစ်ဦးကို DNA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေး ခဲ့ခြင်း မရှိပါဘူး။

“ အဲဒါက အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်တယ်ပေါ့နော်၊ ပိတ်ခိုင်း၊ မပိတ်ခိုင်းကတော့ ကျွန်တော် မသိဘူးပေါ့နော်၊ ကျွန်တော်လည်း မကြားမိဘူး၊ သူတို့တွေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အကြောင်းကြာတာမျိုးတွေမရှိဘူး၊ ကျွန်တော်က စစ်ရေးအပိုင်းပဲ ဖြေပေးလို့အဆင်ပြေမယ်။” လို့ သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။

အဲဒီကျောင်းပိတ်သိမ်းခိုင်းတဲ့ကိစ္စတွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေဘက်က သတိပေးစာထုတ်ပြန်တာမျိုး မရှိဘူးလို့ လည်း သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ငြင်းဆိုပါတယ်။

“ ကျောင်းကိစ္စက KNU က ထုတ်မလားတော့ မသိဘူးပေါ့နော်၊ ကျွန်တော်အရပ်ထဲကနေ ကြားတာကတော့ KNU က ပိတ်ခိုင်းတယ် လို့ ပြောနေကြတာပေါ့နော်။ ဒါလည်း အတည်မပြုနိုင်ဘူး။ ကျွန်တော်တို့ PDF ဘက်က လုံးဝ စာထုတ်ပြန်ထားတာမျိုး မရှိဘူး။ကျွန်တော့်သဘောက ပိတ်မယ် ဆိုလည်း ပိတ်ချပလိုက်ပေါ့၊ နောက်နှစ်မှ ကိုယ့်ဟာနဲ့ ကိုယ်ကိုယ်ထူပြန်လုပ်မလားပေါ့နော်၊ ဒါကလည်း သူတို့ သဘောလေနော်။” လို့ ပြောပါတယ်။

ဘယ်အခြေအနေ၊ ဘယ်ဒေသမှာပဲ ရောက်ရောက် ကလေးတွေအတွက် ပညာသင်ယူခွင့်ရှိတာမှန်ပေမယ့် အဲဒီဒေသက တိုက်ပွဲ ဖြစ်ပွားနေမယ်ဆိုရင် လုံခြုံရေးအရ ကျောင်းတွေကို ပိတ်သိမ်းပြီး ဘေးလွတ်ရာကို ပြောင်းရွေ့ပေးတာက ပိုသင့်တော်တယ်လို့ လွတ်မြောက်နယ်မြေတခုမှာ ရွေ့ပြောင်းကျောင်းသားတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးက ပြောပါတယ်။

“ ကလေးတွေဘက်ကတော့ ပညာသင်ခွင့်ကတော့ ဘယ်အခြေအနေဘယ်နေရာပဲ ဖြစ်ဖြစ်သင်ကြားခွင့်က ရသင့်တယ်၊ တခုပဲပေါ့ နော်၊ အဲဒီဒေသက မငြိမ်းချမ်းဘူးဆိုရင်တော့ လုံခြုံရေးအရ ကျောင်းကို ပိတ်သင့်တာပေါ့နော်၊ တိုက်ပွဲတခုခုဖြစ်လာရင် ကလေး တွေက ရှောင်တိမ်းဖို့က မလွယ်ဘူးလေ၊ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ပြောဆိုတာ မှန်ရင်တော့ အရပ်သား ထိခိုက်သေဆုံးမှု ရှိလာမှာကို စိုးရိမ်တာပဲ လုပ်တာလို့ မြင်တယ်ပေါ့။” လို့ ဆိုပါတယ်။