ဆန်စပါး သိုလှောင်မှု မှတ်ပုံတင်စနစ်ကြောင့် ကုန်သည်နဲ့စက်ပိုင်တွေ အခက်တွေ့

ဇူလိုင်၊ ၁၀
 
စစ်ကောင်စီရဲ့ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ခြင်း စနစ်ကြောင့် ဆန်စပါး ကုန်သည်တွေနဲ့ ဆန်စက်ပိုင်ရှင်တွေ အခက်တွေ့ရတယ်လို့ ဧရာဝတီတိုင်းအတွင်းက ဆန်စပါးရောင်းဝယ်ရေး ကုန်သည်တွေထံက သိရပါတယ်။
 
သိုလှောင်မယ့် ဆန် နဲ့ စပါး ပမာဏကို တင်ပြပြီး မှတ်ပုံတင်တဲ့အခါ အချိန်ကာလ ကြန့်ကြာမှုကြောင့် လုပ်ငန်းနှောင့်နှေးမှု ရှိနိုင်တဲ့အပြင် ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည်ပြီး သိုလှောင်တဲ့ ဆန်စပါး ပမာဏမှာ အချိန်နဲ့တပြေးညီ ပြောင်းလဲမှု ရှိနေတာကြောင့် သိုလှောင်ထားရှိမယ့် ပမာဏကိုတင်ပြဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
 
“ အရောင်းအဝယ်ဆိုတာ လှောင်ထားတဲ့ ကုန်ပစ္စည်းက အခု လက်ထဲရှိနေပေမယ့် ခဏနေ ဝယ်လက်တွေ့လို့ ကြိုက်ဈေးနဲ့ ရောင်းလိုက်ရင် လှောင်ထားတာ မရှိနိုင်တော့ဘူး။ ရောင်းလက်က ဈေးသင့်လို့ ပိုဝယ်လှောင်တာမျိုးလည်း ရှိတယ်။ အဲတော့ ပိုလှောင်မယ်ဆို မှတ်ပုံတင်ဦးဆိုတော့ အချိန်နှောင့်နှေးတာပေါ့။ သူ့တို့ (စကစ) စနစ်ကြီးက ရောင်းဝယ်ရတာ မလွတ်လပ်ဘူး ” ဟု ပုသိမ်မြို့ ဆန်စပါး ကုန်သည်တဦးက DNA ကိုပြောပါတယ်။
 
မေလ ၉ ရက်က စပြီးစစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ မှ ဆန်စပါး ကုန်သည်နဲ့ ဆန်စက်လုပ်ငန်းရှင်တွေအနေနဲ့ ဆန်အိတ်ရေ တထောင် (တန်ချိန် ငါးဆယ်)နဲ့ စပါးတင်း ငါးထောင် နဲ့ အထက် သိုလှောင်ပါက မှတ်ပုံတင်ဖို့နဲ့ မှတ်ပုံတင်မှု ရှိ၊ မရှိ ကို စစ်ဆေးကြပ်မတ်နိုင် ဖို့အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။
 
အကယ်လို့ ကန့်သတ်ပမာဏ သိုလှောင်ခြင်းအတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ICT နဲ့ Digital နည်းပညာကို အသုံးပြုပြီး အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း (Online Registration) စနစ် ကျင့်သုံးဖို့ စီစဉ်ထားတယ်လို့ ဖေါ်ပြပါရှိပါတယ်။
 
စပါးကြိတ်ခွဲရာမှာ နေစဉ်နဲ့ အမျှ ကြိတ်ခွဲသူတွေအပေါ် မူတည်ပြီး ကုန်ချိန်ပမာဏမှာ ပြောင်းလဲမှု ရှိနေခြင်း စက်ပိုင် ဆန်စပါး၊ ကုန်သည်တွေ အပ်နှံစပါး၊ ကြိတ်ခွဲသူတွေ အပ်နှံ စပါး စသဖြင့် ရှိနေရာ သိုလှောင် ဆန်စပါး သိုလှောင်မှု ပမာဏကို ပုံသေသတ်မှတ်ရန် ခက်ခဲသည်ဟု မြောင်းမြမြို့နယ်ရှိ ဆန်စက်မန် နေဂျာတဦးက ပြောကြားပါတယ်။
 
“ သူတို့ (စကစ) က စက်ပိုင်တွေ ဆန်စပါးကုန်သည်တွေက လှောင်ထားပြီး ဈေးကစားတယ်။ တက်ဈေးရောက်မှ ရောင်းတယ် ထင်နေကြတယ်။ တကယ်တော့ ဝယ်လိုအား ရောင်းလိုအားမျှချေမရှိလို့ ဖြစ်နေတာ။ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဌာန အနေနဲ့ တောင်သူတွေကို စပါးတိုးစိုက်အောင် လုပ်မပေးနိုင်လေ စပါးထွက်နှုန်း ကျဆင်းနေလို့ စပါးဈေး ဆန်ဈေးက တက်ပြီးရင်း တက်နေတာ “ ဟု ဆန်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
ဧရာတီတိုင်းမှာ မိုးစပါး ဧက ၃၈ သိန်း နီးပါးရှိပြီး နွေစပါးစိုက်ပျိုးဧကမှာ မိုးစပါးစိုက်ပျိုး ဧကရဲ့ ထက်ဝက်နီးပါး ဖြစ်ခဲ့ပေမယ့် ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် မိုးစပါး စိုက်ပျိုးဧကရဲ့ ၃ အချိုး ၁ သာ ရှိတယ်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
 
ဓာတ်ပုံ – CJ