တရုတ် မူကြိုတခုမှာ ဓားကိုင် ရမ်းကား တိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံး

ဇူလိုင်၊ ၁၀

တရုတ်နိုင်ငံက မူကြိုကျောင်း တခုမှာ ဓားကိုင် ရမ်းကား တိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကွမ်တောင်း ပြည်နယ်ထဲက လျန်ကျန်းမြို့မှာ ဇူလိုင် ၁၀ ရက်က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသား တဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ အဲဒီ သံသယ တရားခံကို မျိုးရိုးအမည် ဝူလို့ပဲ ရဲတွေက ကြေညာထားပါတယ်။

ဝူရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး သေဆုံးပြီး ဆရာမတဦးနဲ့ မိဘ ၂ ဦးတို့လည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူ ၁ ဦးလည်း ရှိခဲ့ပါသေးတယ်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းနေဆဲလို့ ပြောပေမယ့် ဒီကိစ္စဟာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ရန်လိုမှု တခုလို့ ကနဦး မှတ်ချက် ပေးထားပါတယ်။ ဘာကြောင့် ကလေးတွေကို ရက်ရက်စက်စက် ရန်ပြုခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

တရုတ်မှာ သွေးထွက်သံယို မှုခင်းဖြစ်စဉ်တွေက ရှားပါးတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျောင်းတွေကို ပစ်မှတ်ထားတာ အပါအဝင် ဓားကိုင် တိုက်ခိုက်မှုတွေ အဖြစ်များလာပါတယ်။ မနှစ်က ဩဂုတ်လမှာလည်း ကျန်ရှီးပြည်နယ်ထဲမှာ လူတဦးက မူကြိုကျောင်းထဲ ဓားနဲ့ ဝင်ရောက် တိုက်ခိုက်တာကြောင့် ၃ ဦးသေပြီး ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

၂၀၂၁ တုန်းကလည်း ဗျူလျူမြို့မှာ ဓားကိုင်တိုက်ခိုက်မှု တခု ဖြစ်ရာက ၂ ဦးသေပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာတော့ ချောင်ကင်းမှာ မူကြိုကျောင်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း ကလေး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

တရုတ် အစိုးရဟာ ၂၀၁၀ ပြည့်နှစ်ကစလို့ ကျောင်းတွေရဲ့ လုံခြုံရေး အစီအမံတွေကို မြှင့်တင်ပေးခဲ့ပေမယ့် အခုလို တိုက်ခိုက်မှုတွေက ကြိုကြားကြိုကြား ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။

 

Ref: BBC