ညောင်ပင်ကြီးမှာ စစ်ကောင်စီက ဒေသခံတွေကို ဧည့်စာရင်းတိုင်ပြီးမှ နေထိုင်ခွင့်ပြုနေ

ဇူလိုင်၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ဈေးကွေ့ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ နေရပ်ပြန်နေချင်တဲ့ ဒေသခံတွေကို ဧည့်စာရင်းတိုင်ခိုင်းပြီး အိမ်ထောင်စု ဇယားများ တောင်းယူနေတယ်လို့ သိရပါတယ်။
 
“ မနေ့တုန်းကတော့ ကျွန်တော်တို့ ညောင်ပင်ကြီး ဘုန်းကြီးကျောင်းမှာ စုရပ်လုပ်တယ်တဲ့။ ညောင်ပင်ကြီး ဘုန်းကြီးကျောင်းကနေပြီးတော့မှ ညောင်ပင်ကြီးရဲစခန်း ဖက်ကိုသွားပြီးတော့ သူတို့ ဘယ်လိုပြောမလဲ ဘန်ကာလား၊ ဘယ်ရီဂိတ်လား၊ သူတို့ဂိတ်အတွင်းထဲကို ဝင်ပြီးတော့ သူတို့နယ်မြေစည်းခြားထားတဲ့ ဂိတ်တွေကို ဖြတ်ပြီးတော့ သွားပြီးစာရင်းပေးရတယ် “ လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
 
အိမ်ခြေတထောင်နီးပါးရှိတဲ့ ညောင်ပင်ကြီးရွာမှာ ဒေသခံအိမ်ခြေဘယ်လောက် ဧည့်စာရင်းတိုင်တယ်မသိရပေမယ့် စစ်ကောင်စီက ဧည့်စာရင်းအတွက် ငွေတော့မတောင်းခံဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ ညောင်ပင်ကြီးရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဇွန်လ ၉ ရက်မှာ တိုက်ခိုက်ခဲ့ပြီး အဲဒီရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို စစ်ကောင်စီတပ်တွေက တလနီးပါး နေ့စဉ်ရက်ဆက်ဆိုသလို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။
 
အဲဒါကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ပြန်လာချင်တဲ့ သူတွေကို စစ်ကောင်စီတပ်က ဧည့်စာရင်းတိုင်ခိုင်းသလို အိမ်ထောင်စုဇယားပါ ပြခိုင်းနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီလိုစာရင်းတွေကောက်ခံရာမှာ အိမ်ထောင်ဦးစီးအမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေ တောင်းခံနေပြီး အိမ်ထောင်စုစာရင်းများ မပြနိုင်ပါက အမျိုးသားဘယ်နှစ်ဦး၊ အမျိုးသမီးဘယ်နှစ်ဦး နေထိုင်တယ်ဆိုတာ အသေးစိတ်ပြောပြရပြီး စာရင်းလာမပေးတဲ့သူတွေကိုတော့ နေထိုင်ခွင့်မပြုဘူးလို့ ဆိုပါတယ်။
 
အခုလို ဧည့်စာရင်တောင်းခံရာမှာတော့ မီးထဲမပါသွားတဲ့ နေအိမ်ပိုင်ရှင်တွေသာ ပြန်လည်နေထိုင်ဖို့ စာရင်းသွားပေးကြပြီး မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေကတော့ အိမ်ပြန်ပြင်မဆောက်နိုင်တာကြောင့် စာရင်းသွားမပေးကြဘူးလို့ သိရပါတယ်။
 
” တချို့ဆိုရင် နေစရာတွေပါ အသိမ်းခံလိုက်ရတယ်။ နေစရာလည်း မရှိတော့ဘူး၊ ပြန်စရာလည်း မရှိတော့ဘူး၊ အဲ့လိုမျိုးဖြစ်သွားတဲ့လူတွေလည်း အများကြီးပါဗျ။ ရဲစခန်းပတ်ချာလည်က အိမ်လေးတွေက အများစုပေါ့။ မီးထဲပါတဲ့သူတွေကကျ စာရင်းသွားမပေးကြပါဘူးဗျ “ လို့ ညောင်ပင်ကြီးဒေသခံ နောက်တဦးက ပြောပါတယ်။
 
ညောင်ပင်ကြီးရွာမှာ စစ်ကောင်စီမီးရှို့လို့ နေအိမ်ဘယ်လောက် ပျက်စီးတယ်ဆိုတာကိုတော့ သေသေချာချာမသိရသေးပါဘူး။
 
စစ်ကောင်စီအနေနဲ့အခုလို အိမ်ထောင်စုဇယား ကောက်ခံနေတာဟာစာရင်းထဲက လူဦးရေကို ကြည့်ပြီး လိုက်လံစစ်ဆေးမှုတွေ လုပ်ချင်တာကြောင့်လို့ ဆားလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုစစ်ငြိမ်းက ပြောပါတယ်၊
 
“ အိမ်ထောင်စုဇယား ကောက်တာက တကယ်များ ပြန်နေခိုင်းမယ်ဆိုရင် နေဖို့ရာက အဲ့ဒေသက လုံခြုံမှုမရှိတော့ဘူး။ ကျွန်တော်ထင်တာကတော့ ဒီမိသားစုတစုမှာ မိသားစု ငါးဦးရှိတယ်ထားပါတော့ဗျာ။ အဖေရှိတယ် အမေရှိတယ် ယောက်ျားလေး နှစ်ယောက််သော်လည်းကောင်း မိန်းကလေး တစ်ယောက်သော်လည်းကောင်း ရှိတယ်ဆိုပါစို့၊ ယောက်ျားလေးတွေက ဘယ်မှာလဲ ပီဒီအက်ဖ်လား၊ ဘာလား အလုပ်သွားတာလား၊ အိမ်ထောင်စုဇယားကိုကြည့်ပြီး သူတို့စစ်ဆေးလိမ့်မယ်ထင်တယ် “ လို့ဆိုပါတယ်။
 
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး ဥပဒေအရ အခြားနယ်က ညအိပ်ညနေ လာရောက်သူတွေကိုသာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ရတာဖြစ်ပေမယ့် အခုလို ဒေသခံတွေကို ဧည့်စာရင်းတိုင်မှ နေထိုင်ခွင့်ပြုတာမျိုး မကြားဖူးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – CJ