ဇူလိုင်၊ ၉
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရင်နှစ်တွေကထက် အခု ၂၀၂၃ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ပိုများလာရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
” အခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း စိုးမိုးနယ်မြေတွေ ပိုပြီးတော့ ရရှိလာအောင် ကြိုးစားနေတာ တွေ့ရတယ်။ အဲဒါကို စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိလာတဲ့အခါကျတော့ ဒေသခံပြည်သူတွေကလည်း သူတို့ရဲ့ နေရပ်မှာ မနေရဲတော့ဘဲနဲ့ ရှောင်တိမ်းရတဲ့ အခြေအနေမျိုး ဖြစ်လာတာပေါ့ ” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ကိုယောနသံက DNA ကို ပြောပါတယ်။
ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ငါးထောင်ကျော်လောက်သာ ရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်မှာတော့ စစ်ရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေအနေနဲ့ ထားဝယ်ခရိုင်မှာတော့ လောင်းလုံးမြို့နယ်အတွင်း ငါးထောင်ဝန်းကျင်၊ သရက်ချောင်းမြို့နယ်အတွင်း နှစ်ထောင်ဝန်းကျင်၊ ရေဖြူမြို့နယ်မှာ ငါးဆယ်ကျော်နဲ့ ထားဝယ်မြို့နယ်အတွင်း ၃၆၀ ခန့် ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက လောင်းလုံးမြို့နယ်အတွင်းက ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်ရောက်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် ရွာခံအမျိုးသားခြောက်ဦးကိုပါ ပစ်သတ်ခဲ့တာကြောင့် ဒေသခံ ငါးထောင်နီးပါး နေရပ်မပြန်ရဲသေးဘဲ အခုချိန်ထိ ရွာလုံးကျွတ် တိမ်းရှောင်နေကြဆဲ ဖြစ်ပါတယ်။
” ရွာမှာက မနေရဲကြတော့လို့ မနေတော့တာ၊ အိမ်တွေမှာဆို လူမရှိတော့တာ များတယ် ” လို့ လောင်းလုံးမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
မြိတ်ခရိုင်အတွင်းက တနင်္သာရီမြို့နယ်အတွင်းမှာလည်း စစ်ရှောင်ဦးရေ ခြောက်ထောင်ကျော်အထိ ရှိနေပြီး ပုလောမြို့နယ်ထဲမှာတော့ တသောင်းနှစ်ထောင်ကျော်အထိ ရှိနေပါတယ်။ အဲဒီစစ်ရှောင်တွေထဲက အများစုဟာ တောတောင်တွေ၊ ဥယျာဉ်ခြံတွေထဲ ခိုလှုံနေကြရပြီး စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသူတချို့လည်း ရှိကြပါတယ်။
” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရှေ့ပိုင်းကာလတွေမှာ စနစ်တကျစုဖွဲ့မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာ ဖြစ်တဲ့အတွက် စစ်တပ်နဲ့ ထိတွေ့တိုက်ခိုက်မှု နည်းပြီးတော့ စစ်ရှောင်ဦးရေလည်း နည်းနေတယ်လို့ ပြောလို့ရတာပေါ့၊ အခုနောက်ပိုင်းမှာတော့ ထိုက်သင့်တဲ့လေ့ကျင့်မှုတွေ၊ စုဖွဲ့မှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အတွက် စစ်ရေးဖော်ဆောင်မှုတွေ များလာတာတွေ့ရတယ်၊ အဲဒါကြောင့်လည်း စစ်ရှောင်ဦးရေက ပိုများလာတယ်လို့ မြင်ပါတယ် ” လို့လည်း ကိုယောနသံက ပြောပါတယ်။
ဒေသအတွင်း သတင်းတွေကို တင်ဆက်ပေးနေတဲ့ The Tanintharyi Times ရဲ့ စာရင်းတွေအရတော့ တနင်္သာရီတိုင်းမှာ ဇွန်လအတွင်း တိုက်ပွဲ ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၆၆ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်တွေ မိုးတွင်းကာလ ရိက္ခာဖူလုံရေးအတွက် စစ်ရှောင်ကူညီရေးအဖွဲ့ ခြောက်ဖွဲ့က ” ဝဿန်ဦးအတွက် ဆန်စုဗူး ” ကမ်ပိန်း ပြုလုပ်ပြီး ဆန်စုဆောင်းဖို့ ကြိုးပမ်းနေကြပါတယ်။
ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၂၆ ရက်အထိ ၄၅ ရက်ကြာ ပြုလုပ်မယ့် အဲဒီကမ်ပိန်းကနေ ဆန်အိတ် ၁၅၀၀ စုစည်းရရှိနိုင်ဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိမှာတော့ ဆန်အိတ် ငါးဆယ်ကျော်လောက်သာ စုစည်းရရှိသေးတယ်လို့လည်း သိရပါတယ်။
” ကျနော်တို့ တနင်္သာရီဒေသက မိုးများတဲ့ ဒေသဖြစ်တဲ့အလျောက် တောတောင်တွေထဲမှာဆိုရင် ရိက္ခာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါကြောင့် ကျနော်တို့က မိုးမရောက်ခင်နဲ့ မိုးအရမ်းမကြီးခင် ကာလလေးမှာ ဆန်တွေကို ကြိုတင်ပြီးစုဆောင်းဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ ကမ်ပိန်းစတဲ့ ကာလက တလနီးပါးရှိပြီ၊ ဒါပေမယ့် ကမ်ပိန်းအတွက် ရလာတဲ့ ထောက်ပံ့မှုက ကျနော်တို့ မျှော်မှန်းထားတာရဲ့ ငါးရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ် ” လို့ အဲဒီကမ်ပိန်းမှာ ဦးဆောင်ပါဝင်နေသူတဦးက ပြောပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ချောင်းဒေသခံတွေ။ (ပုံဟောင်း)