ကျုံအိတ်တံတား တိုက်ခိုက်ခံရအပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေ

ဇူလိုင် ၊ ၉

မွန်ပြည်နယ်၊ဘီးလင်းမြို့နဲ့ သထုံမြို့အကြားရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ပဲခူးတိုင်း၊ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားကြီးတွေခရီးဆက်လက်ထွက်ခွါခွင့်မရပဲ ပိတ်မိနေတယ်လို့ အဝေးပြေးယာဉ်မောင်းတွေထံက သိရပါတယ်။

ဇွန်လ ၂၉ရက်၊ မနက်ပိုင်းက ရန်ကုန်-မော်လမြိုင်လမ်းမကြီး ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ညောင်ခါးရှည်ဂိတ်မှာ ကုန်တင်ယာဉ်များကိုပိတ်ဆို့ထားပြီး အိမ်စီးကားနဲ့ခရီးသည်တင်ယာဉ်များသာ သွားလာခွင့်ရတယ်လို့ ဆိုပါတယ်။

“အိမ်စီးကားတွေကို နည်းနည်းပါးပါးစစ်ပြီး သွားခွင့်ပြုတယ် ။ခရီးသည်တင်ကားတွေလည်း X-RAY ဖြတ်ပြီးရင် သွားလာလို့ရပါတယ် ။ကုန်ကားတွေကိုတော့ပိတ်ထားတယ် နှစ်ဖက်ယာဉ်ကြောမှာ အပြည့်ပဲ ။တံတားကြံခိုင်မှုအရ ပေးမသွားတာလို့လည်းပြောတယ် ။သူတို့(စကစ)စိတ်ကူးပေါက်ရင်လည်း ကားအစီးအရေခွဲပြီး လွှတ်တာလည်းရှိတယ်’’ လို့အိမ်စီးကားနဲ့ ခရီးသွားသူတဦးမှ ပြောပါတယ်။

အဲ့ဒိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ အစစ်အဆေးများ ယခင်ကလောက် တင်းကြပ်စွာမလုပ်ဆောင်တော့ပေမဲ့ ကျုံအိမ်တံတား မိုင်းခွဲခံရအပြီး ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များကို ရပ်တန့်ခိုင်းထားပြီး ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးကားတွေသာ သွားလာခွင့်ပြုတယ်လို့ ဆိုပါတယ်။

“ကုန်ကားနဲ့Expressတွေတော့ X-RAY ဖြတ်ရတယ် ။အခြားကားတွေတော့ ဒီတိုင်းပဲ ။သူတို့နည်းနည်းပါးပါးစစ်ပြီး လွှတ်ပေးတယ် ။EXPRESS တွေကျ X-RAY ဖြတ်ပြီးတာနဲ့ သွားခိုင်းတယ် ။ကုန်တင်ကားတွေကျ စစ်ပြီး မထွက်ခိုင်းဘူး။ မြဝတီက ကုန်သွယ်ရေးဇုန် အရာရှိက လွှတ်ခိုင်းမှ သွားရတာ ။အဲ့ဒိတော့ ကုန်သွယ်ရေးဇုန်မှာ ငွေပေးညိရတာပေါ့ ။တံတားကျိုးတာ တခုထဲအတွက် ပိတ်ထားတာတော့မဟုတ်ဘူး။ ငွေညစ်နေတဲ့သဘောလည်းပါတယ်’’ လို့ရန်ကုန်-မြဝတီ ကုန်တင်ယာဉ်မောင်း တဦးမှလည်းပြောပါတယ်

ကုန်တင်ကားတွေ ပုံမှန်သွားလာခွင့်မရဘဲ နှစ်ရက်နေမှ တကြိမ် အစီး သုံးဆယ်နဲ့လေးဆယ်ကြားသာ ဖြတ်သန်းသွားလာခွင့်ရတဲ့အတွက် မြဝတီကုန်သွယ်ရေးဇုန်အတွင်းမှ ကုန်တင်ယာဉ်များနဲ့ ညောင်ခါးရှည် စစ်ဆေးဂိတ်မှ ကုန်တင်ယာဉ်တွေ ပိတ်မိနေတယ်လို့လည်းကုန်တင်ယာဉ်မောင်းတွေက ဆိုပါတယ်။

ကျုံအိတ်တံတားဟာ ဇွန်လ ၂၉ ရက်က မိုင်းခွဲတိုက်ခံရပြီး ဇူလိုင်လ ၇ ရက်ကလည်း ဒရုန်းနဲ့ ထပ်မံဗုံးချခဲ့ရအတွက် တံတားပြင်ဆင်မှုတွေရပ်ဆိုင်းထားတယ်လိုကလည်း ဒေသတွင်းသတင်းတွေက မကြာ ခင်က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၁ဝနာရီဝန်းကျင်ခန့်မှာလည်း ကျုံအိတ်တံတား ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး ခရီးသွားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့စစ်ကောင်စီကိုထောက်ခံသော တယ်လီဂရမ်ချန်နယ်များမှ ဖော်ပြထားပါတယ်။အဲ့ဒိတိုက်ခိုက်မှုကိုမည်သည့်အဖွဲ့မှ လုပ်ဆောင်တယ်ဆိုတာကို သတင်းထုတ်ပြန်ထားချင်းတော့ မရှိပါဘူး။