ဇူလိုင် ၊ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမည်ခံပြီး အစုရှယ်ယာတွေရောင်းချကာ ဒေသခံအများအပြားဆီက ငွေကျပ်သိန်းပေါင်းသောင်းချီလိမ်လည်ထွက်ပြေးသွားသူတွေကို အမှုဖွင့်တရားစွဲဆို စီစဉ်နေတယ်လို့ နစ်နာသူတချို့က DNA ကိုပြောပါတယ်။
“(ကုမ္ပဏီ)၀န်ထမ်းတွေလည်း ဆက်သွယ်မရဘူး၊ဖုန်းဆက်လည်း မကိုင်တော့ဘူး၊ဘာဆက်လုပ်ကြရမှန်းမသိကြဘူး၊အကုန် စိတ်ဆင်းရဲနေကြတာ၊အကုန်လုံးကတော့ တရားစွဲဖို့ လုပ်နေကြတယ်” လို့ နစ်နာခဲ့သူတဦး ကပြော ပါတယ်။
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရေထွက်ဦးလမ်းပေါ်မှာ ရုံးဖွင့်လှစ်ခဲ့တဲ့ Invescog Management အမည်ရ ကုမ္ပ ဏီဟာ ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းအမည်ခံကာ ဒေသခံတွေကိုအနည်းဆုံးကျပ်ငါးသိန်းကစလို့အစုရှယ်ယာတွေ ထည့် ဝင်စေခဲ့ပြီး အခုလဆန်းမှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေ ထွက်ပြေးတိမ်းရှောင်သွားတာလို့ သိရပါတယ်။
“ ဒီလ ၄ ရက်နေ့မနက်ကထိ အဆက်သွယ်ရှိသေးတယ်၊ညနေရောက်တော့ ရုံးက ချိပ်ပိတ်သွားပြီးအဆက်အသွယ်လည်းတယောက်မှ မရတော့ဘူး၊ရတဲ့ မန်နေဂျာနဲ့တော့ရတယ်၊ဒါပေမယ့် တာ၀န်ယူမယ့်ကိစ္စ ဘာမှမပြောဘူး၊ ဘယ်သူမှလည်း သတင်းအတိကျမပေးဘူး၊ဒါရိုက်တာ သုထက်ဆို သူတို့ဆောက်ထားတဲ့အိမ်ကိုနာမည်တွေတောင်ပြောင်းလိုက်တယ်”လို့ အဲ့ဒီကုမ္ပဏီမှာ ငွေကြေးထည့်ဝင်ခဲ့သူတဦးကပြောပါတယ်။
Invescog Management ကုမ္ပဏီဆီအစုရှယ်ယာထည့်ဝင်သူတွေကို ထည့်ဝင်ငွေပမာဏအလိုက် အနည်းဆုံး အတိုး ခြောက်ရာခိုင်နှုန်းကနေ ၁၁ရာခိုင်နှုန်းအထိ သတ်မှတ်ပေးထားပြီး လေးလတကြိမ်လောက် အတိုးငွေကို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
ရှယ်ယာထည့်ဝင်ကြသူတချို့ကတော့ ကုမ္ပဏီဆီကနေ ပြန်လည်ရရှိမယ့် အတိုးငွေကိုပါ အရင်းအဖြစ် ထပ်မံထည့် ဝင် ရင်းနှီးမြှုပ်နှံလိုက်ကြတာမျိုးလည်းရှိတယ်လို့ အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ခဲ့ကြသူတွေကပြောပါတယ်။
“အဓိကတော့ ကုမ္ပဏီကမန်နေဂျာတွေက အာမခံပေးကြလို့ ဒီလောက်အထိပါကုန်တာပေါ့၊မန်နေဂျာတွေကလည်းကိုယ်တွေနဲ့ ရင်းနှီးပြီးသားလူတွေကများတယ်လေ၊သူတို့ကငါ့တို့လည်းထည့်ထားတယ်၊ပါကြဆိုပြီး စည်းရုံးကြတော့ အများကြီးပါကုန်တာပေါ့၊နောက်ပြီးတော့ အတိုးရတဲ့ငွေတွေကိုလည်း မထုတ်ဘဲရှယ်ယာတွေ ထပ်ထည့်ကြတော့ ငွေတွေကအရမ်းများကုန်တာ” လို့ အဲ့ဒီကုမ္ပဏီမှာ ငွေကျပ် သိန်း ၈၀၀ နီးပါး ထည့်ဝင်ခဲ့သူ တဦးကပြော ပါ တယ်။
အခုလဆန်းပိုင်းမှာတော့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်ဆိုသူတွေ က အစုရှယ်ရှင်တချို့ကို ဖိတ် ခေါ်ပြီး ကုမ္ပဏီရဲ့ ဘဏ်စာရင်းတွေအမေရိကန်နိုင်ငံမှာ ပိတ်ဆို့ခံလိုက်ရကြောင်း စတင်ပြောဆိုလာပါတယ်။
အဲ့ဒီလို အသိပေးအပြီး နောက်တရက် ဇူလိုင် ၄ရက်မှာနစ်နာခဲ့တဲ့ အစုရှယ်ယာရှင်တွေ က ကုမ္ပဏီပိုင်ပစ္စည်း တွေကို သိမ်းယူဖို့ပြင်ဆင်ကြချိန်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေရောက်လာ ပြီး ကုမ္ပဏီရုံးခန်းဖွင့်ထားတဲ့ အဆောက်အအုံ ကို ချိတ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ ပြောတာက အရင်းတွေကိုတော့ ငါးကြိမ်ခွဲပေးမယ်ပေါ့၊အတိုးတွေကိုတော့ ရာခိုင်နှုန်းလျှော့ပြီးခြောက်လတကြိမ်ပေးမယ်၊သူတို့ကို အချိန်ပေးပါပြောတယ်၊သူတို့အကောင့်တွေနိုင်ငံခြားမှာ ပိတ်ခံရတယ်ပြောတော့လူတွေကမယုံတော့ဘူး ၊လေးရက်နေ့ကျတော့ ရသလောက် သူတို့ပစ္စည်းတွေပြန်ယူမယ်လုပ်ရင်း ရုတ်ရုတ်ဖြစ်ပြီးရဲတွေ ရောက်လာတာပါ” လို့ နစ်နာသူတဦးကပြောပြပါတယ်။
အဲဒီ ကုမ္ပဏီမှာ အစုရှယ်ယာဝယ်ယူကာ ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သူ စုစုပေါင်း လူဦးရေ တထောင်နှစ်ရာကျော် လောက်အထိရှိနိုင်ပြီး နစ်နာတဲ့ ငွေကြေးပမာဏ ကျပ်သိန်းသောင်းချီအထိ ရှိနိုင်တယ်လို့ ဆိုကြပေမယ့် အသေး စိတ်အချက်အလက်တွေကို DNA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
Invescog Management ကုမ္ပဏီကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီမှတ်ပုံပြန်တင်ကာ လည်ပတ်ခဲ့ပြီး ကိုကျော်ဇင်ထက်ဆိုသူက CEO အဖြစ်ဦးဆောင် တဲ့ ဘုတ်ဒါရိုက်တာ လေးဉီးနဲ့လုပ်ကိုင်ခဲ့တာလို့ ငွေကြေးလိမ်လည်ခံရသူတွေကပြောပါတယ်။
ငွေကြေးလိမ်လည်ခံရသူတွေထဲမှာ တောင်ကြီးမြို့ပေါ်က ဘုန်တော်ကြီး၊ ပင်စင်လခစားဝန်ထမ်းတွေ၊ အသေးစာလုပ် ငန်းရှင်တွေ ၊ ဆရာဝန်တွေ ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရှေ့နေတွေ စသဖြင့် လူတန်းစားအလွှာစုံ ပါဝင်ကြ တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“ အနည်းဆုံးက သိန်း နှစ်ဆယ်ကနေ အများဆုံးကျပ်သိန်း ထောင်ချီပြီးရှယ်ယာထည့်ထားတဲ့သူတွေရှိတယ်၊ဘုန်းကြီးတွေဆိုရင်လည်း ကျောင်းဆောက်ဖို့အလှူခံထားတဲ့ငွေတွေကို ဒီချိန်မှာ အကုန်စျေးကြီးနေတော့ မဆောက်သေးဘဲငွေတွေအတိုးရအောင်ဆိုပြီး ရှယ်ယာတွေဝယ်ကြတာပေါ့၊တချို့တွေဆို ငွေတိုးတွေချေးပြီးလုပ်ကြတာဆိုတော့ဘဝပျက်ကုန်တာတွေရှိတယ်၊တမြို့လုံးနီးပါးပဲလိမ်ခံလိုက်ရတယ်” လို့ ရှယ်ယာဝယ်ထားမိတဲ့တောင်ကြီးမြို့ခံတဦးကပြောပါတယ်။
အဲဒီကုမ္ပဏီက နိုင်ငံကြီး ငါးခုမှာ ငွေကြေးစျေးကွက်ကစားတာ၊ စတော့ရှယ်ယာစျေးတွေလဲလှယ်တာတွေအပြင် ရေနံဝယ်တာ၊ငွေတိုက်စာချူပ်ဝယ်တာစတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေတယ်လို့ဆိုက ငွေကြေးထည့်ဝင်ဖို့ ဖိတ်ခေါ် စည်းရုံးခဲ့တာလို့သိရပါတယ်။
အခုလို ပြဿနာတွေမဖြစ်မီ လအနည်းငယ်အကြာ ပြီးခဲ့တဲ့ ဧပြီလအတွင်း အဲ့ဒီကုမ္ပဏီတာဝန်ရှိသူတွေက ကျပ် သိန်းတရာတန် အစုရှယ်ယာပေါင်း ၂၅၀၀ လောက်ရောင်းချခဲ့သေးတယ်လို့သိရပါတယ်။အဲ့ဒီလို အစုရှယ် ယာ ရောင်းချချိန်မှာလည်း ရှယ်ယာမဝယ်သူတွေကို အရင်စာရင်းရှိပြီးသား အတိုးငွေတွေမပေးဘဲ အရင်းသာပြန်ထုတ် ပေးမယ်လို့ပြောဆို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တောင်ကြီးမြို့ပေါ်က အဲဒီကုမ္ပဏီရုံးခန်းကို စစ်အုပ်စုက ချိတ်ပိတ်ထားပေမယ့် ကုမ္ပဏီဝန်ထမ်း တွေနဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကို ဖမ်းမိထားတာမရှိသေးဘူးလို့ နစ်နာသူတွေကပြောကြပါတယ်။
photo social media