ဘီးလင်း၊ရွှေရောင်ပြကျေးရွာမှာ လက်နက်ကြီးကျည်နေအိမ်အနီးကျလို့ ကလေးနှစ်ဦးအပါအဝင်ခြောက်ဦးဒဏ်ရာရ

ဇူလိုင်၊ ၈

 ကျုံအိတ်တံတား ပြင်ဆင်ရေးလုပ်ငန်းခွင်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲလက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘယ်ကနေ ပစ်နေမှန်းတော့ မသိဘူးပေါ့နော်၊လက်နက် ကြီးက အိမ်ခေါင်းရင်းကြားမှာ ကျပြီးကွဲတာ၊ အဲမှာ မိ သားစုဝင်ဆွေမျိုးသားချင်းတွေပဲထိသွားတာ”လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်တပ်ဖွဲ့တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တလုံးဟာ ဘီးလင်းမြို့နယ် ရွှေရောင် ပြကျေးရွာက နေအိမ်တလုံးအနီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာ ရှိနေတဲ့ ရွာခံမိသားစုတစု လက် နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရခဲ့ကြတာပါ။

ဒဏ်ရာသူတွေဟာ အသက် ငါးနှစ်အရွယ် စောစင်မင်းဦး၊ အသက် ကိုးနှစ်အရွယ် နော်သင်္ကြန်ဖော၊ အသက် ၁၈ နှစ်အရွယ် နော်မထူး၊ အသက် ၂၅ နှစ်အရွယ် စောကူ၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေနဲ့ အသက် ၅၇ နှစ်အ ရွယ် နော်တင်အေးတို့ ဖြစ်တယ်လို့သိရပါတယ်။

“အဲဒီထဲက သုံးဦးက ဒဏ်ရာနည်းနည်းများလို့ တိုက်နယ်ဆေးရုံ တင်ထားရတယ်ပေါ့နော်၊ သုံးဦးက ဒဏ်ရာများ တာပဲရှိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊နောက်ပြီး အိမ်သုံးလုံးလည်း ပျက်စီးသွားတယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က ကျုံအိတ်တံတားဟာပြီးခဲ့တဲ့ ရက် ပိုင်းက မိုင်းခွဲဖျက်ဆီးခံထားရတာပါ။

 မနေ့ကလည်း အဲ့ဒီတံတားပြန်လည်ပြုပြင်နေတဲ့အဖွဲ့ကို လုံခြုံရေးယူ ပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဘီးလင်း မြို့နယ် ဇီးဝန်းကျေးရွာအခြေစိုက်စစ်ကောင်စီရဲ့ (၃၁၄)အမြောက်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကို ပြောထားပါတယ်။

အဲဒီတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ(၃၁၄)အမြောက်တပ်က ဒရုန်းလာရာ လမ်း ကြောင်းတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဟာ KNU သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး လူဦးရေငါးထောင် ဝန်းကျင်နေထိုင်ကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုမကြာ မ ကြာဖြစ်လေ့ရှိတဲ့ ရွာတရွာဖြစ်ပါတယ်။

လက်ရှိ KNU သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အကြား ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ တလကို အကြိမ် လေးဆယ်ဝန်းကျင်လောက်ရှိနေပါတယ်။

အခုလထဲမှာလည်း ဇူလိုင် ၁ ရက်ကနေ၇ ရက်အထိ တပတ်တာအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်မ၊ ကင်းပုန်း၊ စစ်ဆေးရေးစခန်းတွေနဲ့ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ လမ်းတံတားတွေ အပါအဝင် နေရာ ဆယ်ခုထက်မနည်းကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဖြစ်စဉ်မှတ်တမ်းတွေအရသိရပါတယ်။